DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်တိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်နိုင်ဟု  AI ပြော
DVB
·
October 14, 2023
ကချင်ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်တိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်နိုင်ဟု  AI ပြော
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားက  မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ  စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုနောက်ပိုင်း ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို AI အဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက စစ်ဆေးရာမှာ ဒီတိုက်ခိုက်မှုမှအတွင်းသုံးတဲ့ လက်နက်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေတော်တော်များများပြိုလဲကျသွားပြီး မီးတွေလောင်ကုန်တဲ့အပြင် ပေါက်ကွဲမှုကြောင့် မြေပြင်မှာရှိနေတဲ့သူတွေဟာလည်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပြတ်ထွက်သေဆုံးခဲ့တာဖြစ်တယ်လို့ AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်လိုင်ခက်ဒုက္ခသည်စခန်းကို အခုလိုတိုက်ခိုက်တာဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ကနေ အရပ်သားပြည်သူတွေကို အလွန်အကျွံ အင်အားသုံး တိုက်ခိုက်မှု မြောက်မြားစွာထဲကတစ်ခုသာ ဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုအများစုက စစ်ရာဇဝတ်မှု မြောက်ကြောင်း AI အဖွဲ့ရဲ့  ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို အကြိမ်ကြိမ် တိုက်ခိုက်နေတာကြောင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ထားသင့်တယ်လို့ AI အဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းပါတယ်။

စစ်ဘက်ရေးရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ကချင်စစ်ရှောင်စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့  အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြည်တွင်းက အဖွဲ့အစည်းတွေသာမက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၉ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့  လူ ၂၉ ယောက်သေဆုံးပြီး ၆၀ နီးပါးကိုဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ရပ်ဟာ စစ်တပ်ရဲ့လက်ချက်မဟုတ်ကြောင်းနဲ့ စခန်းမှာရှိတဲ့ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

KIO ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူကတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းနားမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ စစ်လက်နက်သိုလှောင်တာမရှိဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013