DVB Logo
Home
မြန်မာသတင်း
လှည်းကူးတွင် ရေအနည်းငယ်ပြန်တက်ပြီး လူ ၇,၄၀၀ ခန့် ရေဘေးသင့်
DVB
·
October 13, 2023
လှည်းကူးတွင် ရေအနည်းငယ်ပြန်တက်ပြီး လူ ၇,၄၀၀ ခန့် ရေဘေးသင့်
1 / 4
Donate to DVB

ရန်ကုန်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာရွာအုပ်စုအတွင်းရှိ ရွာတွေမှာ အောက်တိုဘာ ၁၃ ရက်က စတင်ပြီး ရေပြန်ကျသွားပေမဲ့ လှည်းကူးမြို့နယ်မှာ ရေပြန်တက်လာတာကြောင့် လူဦးရေ ၇,၄၀၀ ခန့် ရေဘေးသင့်နေတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်ကတည်းက လှည်းကူးမြို့ပေါ် ရပ်ကွက် ၅၊ မြို့နယ်အတွင်းရှိ ကျေးရွာတွေနဲ့ မှော်ဘီ၊ မြောင်းတကာတို့မှာ ရေကြီးမှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဖူးကြီးရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်တာနဲ့ မိုးသည်းထန်စွာ ရွာနေခဲ့တာကြောင့် မှော်ဘီမြို့နယ်၊ မြောင်းတကာရွာအုပ်စုထဲမှာရှိတဲ့ ရွှေကျွန်းတော၊ အုပ္ဖိုစု၊ လက်ပံတန်းစု၊ နှင်းဆီမြိုင်ရွာတွေရှိ လူနေအိမ်တွေထဲကို ရေအနက် ၃ ပေခန့်အထိ ဝင်ရောက်ခဲ့တာဖြစ်ပြီး ရေဘေးစင်တာ ၂ ခုမှာ လူ ၇၀၀ ကျော် ရေဘေးသင့်ခဲ့ရာက အောက်တိုဘာ ၁၃ ရက်မှာ ရေအနက် ၁ ပေခန့်အထိ လျော့ကျသွားခဲ့ပါတယ်။

မှော်ဘီမြို့ခံ ကယ်ဆယ်ရေးအသင်းဝင်တဦးက “မြောင်းတကာက ရေကျတယ်၊ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဘာမှကို ထူးထူးခြားခြားကြီး မရှိတော့ပါဘူး။ မှော်ဘီပြီးတော့ လှည်းကူးဘက် ရိက္ခာဝေပေးရတာတွေ ရှိတယ်။ လှည်းကူးအတွင်းပိုင်းဘက်တွေက စင်တာတွေကနေ အခုထိတော့ ပြန်လို့မရကြသေးဘူး။ လှည်းကူးက ဒရယ်ဘိုကနေ နောက်တမိုင်လောက်မှာ ခရောင်ရွာမှာ တရွာလုံး ရေတွေချည်းပဲ။ ရေက ခါးစောင်းလောက် ရှိနေတော့ မိန်းမတွေ၊ ကလေးတွေ သွားလာလို့ မရဘူး။ ရေက အဲ့ဘက်က ပိုဆိုးတယ်” လို့ ပြောပါတယ်။

ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေကျော်တာနဲ့ မိုးသည်းထန်စွာရွာခဲ့တာကြောင့် လှည်းကူးမြို့နယ် အတွင်းရှိ ရပ်ကွက် ၅ ခုနဲ့ ‌ရွာ ၂၀ ကျော်တို့မှာ ရေအနက် ၃ ပေခွဲအထိ ရှိခဲ့ရာက အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ ရေအနက် ၃ ပေခန့်အထိ လျော့ကျသွားခဲ့ပြီး အောက်တိုဘာ ၁၃ ရက်‌နေ့မှာတော့ ရေအနက် ၃ ပေခွဲခန့်အထိ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

လှည်းကူးပရဟိတအသင်းဝင်တဦးက “လှည်းကူးအခြေအနေက ရေက တဖြည်းဖြည်းနဲ့ တရစ်တရစ် တက်နေတယ်။ ရေနည်းနည်းပြန်တက်လာပြီ။ ပဲခူးဘက်က ကျတဲ့ရေက ဒီမှာ လာဆင်းနေတယ်။ မြို့ပေါ်ဆို ဒူးလောက်ကျသွားရာကနေ ပေါင်လောက်၊ အခု လူကြီးခါးလောက် ပြန်ဖြစ်နေပြီ။ နက်တဲ့နေရာတွေဆို ပိုနက်သွားတာပေါ့။ ရေကျော်ရွာဘက်ကဆို သူတို့ဆီလည်း မြုပ်နေပြီလို့ ပြောတယ်။ ရေဘေးရှောင်က ရထားတဲ့ စာရင်းအရဆို ၇,၀၈၀ ကနေ အခုဆို ၇,၄၀၀ လောက် ဖြစ်သွားပြီ။ စာရင်းမပါတဲ့ နေရာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

လှည်းကူးမြို့နယ်ထဲရှိ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ရိပ်သာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဈေးကြီးရပ်ကွက်နဲ့ ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဇရပ်ကွင်း၊ ဖောင်ကြီး(အရှေ့)၊ စခန်းကြီး၊ ကြာအင်း၊ ကလီထော် (အနောက်)၊ ကလီထော် (အရှေ့)၊ မင်းကုန်း၊ ဖဲခမဲ၊ စာဘူးတောင်း၊ ငါးဆူတောင်၊ သူငယ်ချောင်း၊ အုန်းနှဲကုန်း၊ ခရောင်၊ မဲဇလီကုန်း၊ ကြို့ကုန်း၊ ညောင်ကုန်း၊ စာဘူးတောင်း စတဲ့ရွာတွေမှာပါ ရေဝင်ရောက်နေပြီး ရေဘေးရှောင်စင်တာတွေရှိ လူဦးရေ ၇,၄၀၀ ခန့်အတွက် ရေသန့်၊ ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၈ ရက် မနက်အစောပိုင်း ၃ နာရီခန့်က လှည်းကူးမြို့နယ် ကလီထော်တူးမြောင်း ကျိုးပေါက်ခဲ့တာကြောင့် ကြာအင်း(အရှေ့)ရွာတွေက နေအိမ်‌တွေနဲ့ လယ်မြေဧက ၄၀ ခန့် ရေနစ်မြုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013