DVB Logo
Home
မြန်မာသတင်း
NCA နှစ်ပတ်လည်ပွဲမတက်ရန် မွန်ပြည်သစ်ပါတီကို တိုက်တွန်း 
DVB
·
October 13, 2023
NCA နှစ်ပတ်လည်ပွဲမတက်ရန် မွန်ပြည်သစ်ပါတီကို တိုက်တွန်း 
Donate to DVB

မွန်ပြည်သစ်ပါတီ (NMSP)ကိုယ်စားလှယ်အဖွဲ့နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ၂၀၂၂ အောက်တိုဘာတွင် တွေ့ဆုံစဉ်

တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ ကျင်းပမယ့် NCA ၈ နှစ်ပြည့်  နှစ်ပတ်လည်ပွဲကို မွန်ပြည်သစ်ပါတီအနေနဲ့ တက်ရောက်တာ မလုပ်ဖို့ မွန်တော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာ အကြီးအကျယ် ကျင်းပသွားဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။

NCA နှစ်ပတ်လည်ပွဲကို နိုင်ငံတကာအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း အခမ်းအနား တက်ရောက်ဖို့ စစ်ခေါင်းဆောင် ကိုယ်တိုင် မေတ္တာရပ်ခံဖိတ်ကြားထားပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် NCA နှစ်ပတ်လည်ပွဲကို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ၇ ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်မယ်လို့  အပစ်ရပ် PPST ထံကနေ သိရပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းကတော့ အာဏာသိမ်းမှုကြောင့် NCA ရဲ့ အကျိုးရလဒ်တွေ မရှိတော့တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သူတွေအပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေရဲ့ မျက်နှာကို ထောက်ရှု့ပြီး NCA နှစ်ပတ်လည် အခမ်းအနား မတက်ရောက်ဖို့ တိုက်တွန်းတာပါ။

စစ်ကောင်စီတပ်ဟာ NCA နှစ်ပတ်လည်ပွဲ မကျင်းပမယ့် တစ်ပတ်အလို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောခွင့်ရ ဗိုလ်ကြီးတလနိုင်ကတော့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ အကြိမ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မွန်တစ်အမျိုးသားလုံးအတွက် ဘာမှအကျိုးမရှိခဲ့တာကြောင့် စစ်ကောင်စီကျင်းပမယ့် NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ မသင့်ဘူးလို့ မှတ်ချက်ပြုပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမှုတွေကို မွန်အဖွဲ့အစည်း ၁၀ ဖွဲ့ အပါအဝင် မွန်လူငယ်တွေက နောက်နောင် ဆွေးနွေးတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း အိတ်ဖွင့်စာ ပေးပို့ထားပါတယ်။

ဒါပေမဲ့ မွန်ပြည်သစ်ပါတီဟာ မွန်ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၆ ကြိမ်အထိ တက်ရောက်ထားတာ ဖြစ်ပါတယ်။

ဒေါက်တာ သီရိမွန်ချမ်းကတော့ NCA စာချုပ်ပါ စည်းကမ်းချက်တွေကို စစ်ကောင်စီဘက်က ချိုးဖောက်လိုက်ပြီးဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ ဘဝတူတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွပူးပေါင်းပြီး စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင်ပေးဖို့ တောင်းဆိုတာပါ။

NCA စာချုပ်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကရင်းအမျိုးသားအစည်းအရုံး (KNU)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးခဲ့တာပါ။

အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က စာချုပ်ပျက်ပြယ်သွားပြီလို့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013