DVB Logo
Home
မြန်မာသတင်း
NCA လုံးဝမရှိတော့ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ၃ ဖွဲ့ ကြေညာ
DVB
·
October 13, 2023
NCA လုံးဝမရှိတော့ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ၃ ဖွဲ့ ကြေညာ
Donate to DVB

တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA ) လုံးဝမရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က အောက်တိုဘာ ၁၂ ရက်မှာ ပူးတွဲ ကြေညာလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ် ပါဝင်တာကို အဆုံးသတ်ဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းဖို့နဲ့  မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးတို့အတွက်လည်း အဆိုပါ အဖွဲ့ ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက NCA  ၈ နှစ်ပြည့်ပွဲကို နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပဖို့ အကြီးအကျယ်ပြင်ဆင်နေချိန်မှာပဲ NCA မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၃ ဖွဲ့က အခုလို ထုတ်ပြန်လိုက်တာပါ။

တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လုံးဝမရှိတော့ဘူးလို့  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ၃ ဖွဲ့ က ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်တဲ့အပြင်  NCA  ၈ နှစ်ပြည့် အစည်းအဝေးတက်မယ့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အနေနဲ့လည်း အဆိပ်ပင် ရေလောင်းတဲ့ လုပ်ရပ်မျိုး မလုပ်သင့်ဘူးလို့  KNU က ပြောပါတယ်။ 

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုင်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်က တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင် ၂ နှစ်နီးပါးကြာ ပါဝင်ရေးဆွဲပြီး နိုင်ငံတကာ အသိသက်သေတွေရှေ့မှာ  လက်မှတ်ရေးထိုးခဲ့တာပါ။

အခုအချိန်မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ဒီစာချုပ်ဟာ လုံးဝ ပျက်ပြယ် ပြီးဆုံးသွားပြီလို့  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကပူးတွဲပြီး အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုချိန်မှာ ရွေးကောက်ခံအရပ်သားအစိုးရနဲ့ လွှတ်တော်တွေလည်း မရှိတော့တာကြောင့် ဆွေးနွေးပွဲတွေ ဆက်လုပ်လို့မရတော့ဘူးလို့ KNU ပြောခွင့်ရသူက ပဒိုစောတောနီးက ပြောပါတယ်။

“စစ်တပ်က နိုင်ငံရေးက တဖြည်းဖြည်းဆုတ်ခွာမယ်ဆိုတဲ့ဟာ၊ သူကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တာ။ အဲဒါကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အခါကျ အဲဒီစာရွက်က ဘယ်လိုမှ အသက်မဝင်တော့ဘူး။ ဒီဟာကို စာချုပ်စာတမ်းနဲ့ သဘောတူညီချက် ပျက်သွားပြီးတဲ့နောက်မှာ တရားမဝင် အာဏာထယူလိုက်တဲ့သူ တယောက်ဟာလည်း သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံက ပျက်ပြီးသားဖြစ်တယ်။ အဲဒါမို့ ဒီနေ့ ဒီကာလမှာ ဘာမှမရှိတော့ဘူး။ မတရား အာဏာထယူတဲ့သူပဲ ရှိတော့တယ်။”

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကတော့ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ မပျက်သေးကြောင်း၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ်မထိုးတဲ့အဖွဲ့တွေပါ အားလုံး အခမ်းအနားလာတက်ကြဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီကတော့ NCA စာချုပ်ဟာ အတိတ်မှာ ချန်ခဲ့ရမယ့် အရာတစ်ခု ဖြစ်သွားပြီလို့ မှတ်ချက်ပြုပါတယ်။

“အခုလက်ရှိ ရှိနေတဲ့ကာလနဲ့ လာမယ့်ကာလကို ပြောရရင် နိုင်ငံရေးအခင်းအကျင်း လုံးဝ ပြောင်းလဲသွားပါပြီ။ NCA ဟာ ဘယ်လိုနည်းနဲ့မှ ဆက်ပြီးအသုံးချလို့ရတော့မယ် မဟုတ်ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်။ NCA က အခန်းက တခန်းရပ်ခဲ့ပြီ။ အခုရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းကို ကျနော်တို့ စဉ်းစားတဲ့အခါမှာ NCA ကို ထည့်သွင်းစဉ်းစားစရာ မလိုတော့ဘူးလို့ ကျနော်တို့ အဲဒီလို နားလည်ပါတယ်ဗျ။”

စစ်ကောင်စီက ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးမသတ်သေးဘဲ ဘယ်ဆွေးနွေးပွဲမှ လုပ်ဖို့ အကြောင်းမရှိဘူးလို့လည်း တော်လှန်ရေးလက်နက်ကိုင် ၃ ဖွဲ့က ဆိုပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း NCA ၈ နှစ်ပြည့်ပွဲကို တက်ဖို့ ပြင်ဆင်နေတဲ့ အဖွဲ့တချို့လည်းရှိနေပြီး အနည်းဆုံး ၇ ဖွဲ့လောက် တက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပဒိုစောတောနီးက “ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ကောက်ရိုးမျှင်တမျှင်စာ ရလိုရငြား သူ ကြိုးစားတဲ့ အနေအထားပဲ ရှိပါတယ်။ သူ ရှုံးမှာ သေချာတယ်။ ဒါပေမဲ့ အဲဒီလို တရားမဝင်တဲ့ အဖွဲ့အစည်းနဲ့ ငြိစွန်းပြီး သွားပြီး လုံးလားထွေးလားလုပ်တဲ့ဟာကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်တယ်။ ကျနော်ကတော့ ရှင်းရှင်းပဲပြောမယ်ဗျ။ ဒီလို လူမိုက်အားပေးတဲ့ အလုပ်ကို လုံးဝ မလုပ်သင့်ဘူး။ အဆိပ်ပင်ကိုတော့ ရေမလောင်းသင့်ဘူးဗျာ”လို့ ပြောပါတယ်။

NCA ရဲ့ အနှစ်သာရတွေဖြစ်တဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ပါဝင်သင့်တဲ့ အင်အားစုတွေအားလုံး ပါဝင်ဆွေးနွေးရေးအပြင် အရေးကြီးတဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး ကိစ္စရပ်တွေကို စစ်ကောင်စီက အတိအလင်း ချိုးဖောက်နေကြောင်း ABSDF က ရဲဘော်ဆန်နီကလည်း ပြောပါတယ်။

ဒီအချက်တွေကြောင့် NCA စာချုပ်အပြင် NCA အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးကော်မတီ JMC လို ကော်မတီတွေ အားလုံးရဲ့ လုပ်ငန်းတွေဟာလည်း ပြီးဆုံးခဲ့ပြီးလို့ သူက ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့နဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)  တို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013