DVB Logo
Home
Lead Story
လန်ချားလှည်းဆွဲတဲ့ ဂျပန်အမျိုးသမီးတွေ
DVB
·
October 13, 2023
လန်ချားလှည်းဆွဲတဲ့ ဂျပန်အမျိုးသမီးတွေ
Donate to DVB

ဂျပန်နိုင်ငံမှာ  အမျိုးသားတွေ ကြီးစိုးထားတဲ့ လန်ချားလှည်းဆွဲတဲ့ လုပ်ငန်းခွင်ထဲကို ဂျပန်အမျိုးသမီးတွေလည်း ဝင်ရောက်လာနေကြပါတယ်။

အနက်ရောင်ထိုင်ခုံပါတဲ့ ဘီးနှစ်ဘီးတပ် လန်ချားပေါ်မှာ ခရီးသွားဧည့်သည်တွေကို တင်ဆောင်ပြီး ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံး ခရီးသွားနေရာတွေထဲမှာပါတဲ့ အဆာကူစာ နယ်မြေထဲက ရှုခင်းတွေကို လိုက်လံပြသလေ့ရှိတဲ့ လန်ချားလှည်းဆွဲ အလုပ်သမ ယူကာအကီမိုတိုဟာ တိုကျိုမြို့တော် လမ်းမတွေပေါ်မှာ ခရီးသည်ပို့ဆောင်ရေးအလုပ် စတင်ဖို့အတွက် သူ့လန်ချားကို သတိရှိရှိနဲ့ ဖြည်းဖြည်းချင်း မယူ သယ်ဆောင်ခဲ့ပါတယ်။

“ကျမနာမည်က ယူကာအကီမိုတိုပါ။ ကျမ လန်ချားဆွဲလာတာ နှစ်နှစ်ခွဲရှိပါပြီ။ လန်ချားဆွဲတဲ့ အလုပ်က အမျိုးသားတွေနဲ့ပဲ ဆိုင်တယ်လို့ လူတွေက ထင်ကြပေမဲ့ အမျိုးသမီးတွေလည်း လုပ်နိုင်ပြီး ဂုဏ်မငယ်တဲ့ အလုပ်ပါပဲ။ ကျမ နေ့တိုင်း လန်ချားဆွဲပါတယ်။ ပြုံးပြုံးရွှင်ရွင်နဲ့ လုပ်ရတာက တကယ်ကို ပျော်စရာကောင်းတဲ့အလုပ်ပါ။”

ပူပြင်းတဲ့ နွေရာသီရဲ့ နေရောင်အောက်မှာ အသက်ပြင်းပြင်း တချက်ရှူလိုက်တဲ့ အကီမိုတိုရဲ့ နီမြန်းနေတဲ့ မျက်နှာပေါ်ကို ချွေးပေါက်တွေ စီးကျနေပါတယ်။ တိုကျိုမြို့တော်က အရေအတွက် အနည်းငယ်ပဲရှိတဲ့ လန်ချားဆွဲသူ အမျိုးသမီးတွေထဲမှာ သူတယောက် အပါအဝင်ဖြစ်ပြီး သူတို့အလုပ်က ကမ္ဘာလှည့်ခရီးသည်တွေကို လိုရာပို့ဆောင်ပေးရုံသာမက ဒေသယဉ်ကျေးမှု ထုံးစံတွေကို နားလည်လာအောင်လည်း ကူညီရှင်းပြပေးပါတယ်။

ခရီးသွားဧည့်သည်တဦးဖြစ်တဲ့ အက်စ်လီတာ့ခ်စီဗင်က “ကျမတို့ကိုတင်ပြီး သူ ဆွဲနိုင်လိမ့်မယ်လို့ ထင်မထားဘူး။ တကယ်လည်း စီးကြည့်လိုက်တဲ့အခါ သူကောင်းကောင်းလုပ်နိုင်တာ တွေ့ရတော့ တအားပျော်သွားတယ်။ သူ ဆွဲတဲ့လန်ချား စီးရတာ တကယ်ပျော်ပါတယ်” လို့ ပြောပါတယ်။

အစဉ်အလာအရ အမျိုးသားတွေ ကြီးစိုးထားတဲ့ အသက်မွေးဝမ်းကျောင်းတခုဖြစ်ပြီး ခွန်အားစိုက်ထုတ်ရတဲ့ လန်ချားဆွဲအလုပ်ဟာ အခုအခါမှာတော့ အမျိုးသမီးတွေ လန်ချား ဝင်ဆွဲလာတာကို ဆိုရှယ်မီဒီယာက ဖော်ထုတ်တင်ပြမှုကြောင့် အမျိုးသမီး လန်ချားဆွဲသူတွေ တဖြည်းဖြည်း တိုးလာနေပါတယ်။

တိုကျိုလန်ချားအသင်း ဥက္ကဋ္ဌ ရူတာနီရှိယိုက “တိုကျိုမှာ လန်ချားဆွဲတဲ့ ပထမဆုံးမိန်းကလေးက တကယ်တော်တယ်။ သူ့ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာမှာ တင်ပြီးကတည်းက မိန်းကလေးတော်တော်များများက သူ့လိုပဲ အလုပ်လုပ်မယ်ဆိုပြီး ဆက်သွယ်လာကြတယ်။ အခု ကျနော်တို့မှာ အမျိုးသမီးလန်ချားဆွဲသူ နှစ်ဆယ့်ငါးယောက်လောက် ရှိနေပြီ။ ဒါ့ထက်လည်း အရေအတွက် ထပ်တိုးလာဖို့ လိုပါတယ်။ လောလောဆယ် လန်ချားဆွဲတာ အယောက်ကိုးဆယ် ရှိတော့ မိန်းကလေးက တဝက်မရှိသေးဘူး။ ရှေ့ဆက်ပြီး အမျိုးသမီးတွေ အလုပ်လုပ်ရတာ သက်သောင့်သက်သာရှိပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါနိုင်ဖို့ ဖန်တီးပေးချင်ပါတယ်” လို့ ပြောပါတယ်။

တကယ်တော့ တိုကျိုမြို့လယ် အဆာကူစာနယ်မြေမှာရှိတဲ့ လန်ချားကုမ္ပဏီတွေနဲ့ အကီမိုတိုရဲ့ အလုပ်ရှင် အပါအဝင် တိုကျိုမှာ လန်ချားဆွဲနေသူ အယောက် ၉၀ ရဲ့ သုံးပုံတပုံလောက်က အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

အရပ်ငါးပေတလက်မ (၁၅၅ စင်တီမီတာ) ရှိတဲ့ အသက် ၂၂ နှစ်အရွယ် အကီမိုတိုဟာ ကိုဗစ်ရောဂါကြောင့် သူ့ဘဝရည်မှန်းချက်တွေ မပျက်စီးခင်မှာ တိုကျိုဒစ်စနေးလန်း ကုမ္ပဏီကြီးဆီက အလုပ်ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။

ရှာဖွေတဲ့စကားလုံးဖြစ်တဲ့ အပန်းဖြေဥယျာဉ်ဆိုတာကို အသုံးပြုပြီး အင်တာနက် အွန်လိုင်းမှာ အလုပ်သစ်တခု ရှာနေတဲ့ အကီမိုတိုဟာ လန်ချားဆွဲတဲ့အလုပ်ကို ရှာတွေ့ခဲ့ပါတယ်။

အလုပ်အတွက် စာရင်းသွင်းပြီးတဲ့နောက်မှာ အကီမိုတိုဟာ  ၂၅၀ ကီလို အလေးချိန်ရှိတဲ့ လန်ချားတစီးကို ဆွဲယူသွားနိုင်ဖို့ အပါအဝင် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို လေးလလောက် သင်ယူခဲ့ရပါတယ်။

“ကျမက အားကစားလုပ်ဖူးတာ မဟုတ်တဲ့အတွက် လန်ချားဆွဲရတာက ကျမအတွက် အစပိုင်းမှာ တော်တော်ခက်ခဲတာပါ။ အစပိုင်းမှာ လန်ချားဆွဲရင်းက လွတ်ကျတာမျိုးလို အခက်အခဲအများကြီး ကြုံရတော့ ငါ ဆက်မလုပ်တော့ဘူး၊ ဒီအလုပ်က ထွက်လိုက်တော့မယ်လို့ စိတ်ကူးမိတဲ့ အကြိမ်ပေါင်း များစွာရှိခဲ့ပါတယ်။ အခုတော့ ကျမ ကောင်းကောင်းလုပ်နိုင်နေပါပြီ။ လန်ချားစီး ခရီးသည်တွေနဲ့ စကားပြောရတာ၊ သူတို့အတွက် ဓာတ်ပုံရိုက်ပေးရတာ၊ လမ်းပြပေးရတာ တကယ်ပျော်ပါတယ်။ တတ်နိုင်သလောက် အလုပ် ဆက်လုပ်နေချင်ပါတယ်” လို့ လည်ပင်းမှာ သစ်သားပြားနဲ့ ကြိုးတချောင်းတပ်ထားတဲ့ အကီမိုတိုက ပြောပါတယ်။ သစ်သားပြားပေါ်မှာတော့ ငါ လက်မလျှော့ချင်ဘူးဆိုတဲ့ စာသား ရေးထားပါတယ်။

အခုလို နှစ်နှစ်ကျော်ကြာလာတဲ့အခါမှာတော့ အတွေ့အကြုံရှိတဲ့ လန်ချားဆွဲသူတယောက် ဘဝကို သူ ဂုဏ်ယူနေပါတယ်။ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်ချက်က အမျိုးသမီးတွေကို ပုံသေကားကျ ရှုမြင်ထားတာကို ချိုးဖျက်ပစ်ဖို့ပဲ ဖြစ်ပါတယ်တဲ့။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013