Home
မြန်မာသတင်း
ရသေ့တောင်တွင် ကျောင်းဆရာမ အသတ်ခံရမှု သံသယရှိသူက ကျူးလွန်ကြောင်း ဝန်ခံ 
DVB
·
October 13, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောက်မြို့နယ်၊ ပေါက်တောပြင်ကျေးရွာက အလယ်တန်းပြ ဆရာမတယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတယောက်က သူ ကျူးလွန်ခဲ့တာလို့ ဝန်ခံထားကြောင်း ရက္ခိုင့်တပ်တော်(အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူရဲ့ တယ်လီဂရမ် စာမျက်နှာမှာ ရေးသားထားပါတယ်။

အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်ဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ သူ့ရဲ့ကျေးရွာဖြစ်တဲ့ ပေါက်တောကျေးရွာကနေ တာဝန်ကျနေတဲ့ ပန်းဖော်ပြင်ကျေးရွာကို စာပြဖို့သွားစဥ် လမ်းခုလတ်မှာ လည်လှီးအသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလူသတ်မှုမှာ အဓိကသံသယရှိ ၂ ဦးနဲ့ ဆက်စပ်သူတဦးကို အေအေက စစ်ဆေးခဲ့တာဖြစ်ပြီး အဓိကသံသယရှိသူ ကိုမောင်မောင်အေးက သူ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံထားကြောင်း အေအေရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောရပ်ရွာက ဆရာမ နှင်းယုနွယ် အသတ်ခံရမှု တရားခံအစစ်ကို ဖော်ထုတ်နိုင်ပါပြီ။ တရားခံ မောင်မောင်အေးက သူ ဘာကြောင့် ဘယ်လိုသတ်ဖြတ်ခဲ့တယ် ဆိုတာကိုလည်း တရားခံကိုယ်တိုင် ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဆရာမနှင်းယုနွယ်ကို သတ်ဖြတ်ခဲ့တဲ့နေရာကို သွားရောက်ပြီးတော့ သူ ဘယ်လိုသတ်ခဲ့တယ် ဆိုတာကိုလည်း သရုပ်ပြ ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမှုမှာ တခြား ဆက်စပ် စစ်ဆေးစရာကိစ္စတွေ ကျန်နေသေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေကို လာမယ့်ရက်ပိုင်းတွေမှာ ဆက်လက်ထုတ်ပြန်သွားမယ်”လို့ တယ်လီဂရမ် စာမျက်နှာမှာ အောက်တိုဘာ ၁၃ ရက်က ရေးသားထားပါတယ်။

အခု ဝန်ခံထားတဲ့ ကိုမောင်မောင်အေးဟာ စက်တင်ဘာ ၁၉ ရက်က အေအေ တပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှာ အေအေတပ်ဖွဲ့ဝင်တွေက သူ့ရဲ့ရွာမှာ ပြန်လည်ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ကိုမောင်မောင်အေးဟာ အသတ်ခံရတဲ့ ဆရာမ ဒေါ်နှင်းယုနွယ်နဲ့ တရွာတည်းဖြစ်ပြီး အမ်းမြို့နယ်မှာ အိမ်ထောင်ကျနေသူဖြစ်ကာ စက်တင်ဘာလအတွင်းမှာ ရွာကိုရောက်နေတာလို့ ကျေးရွာသားတွေက ပြောကြပါတယ်။

ရက္ခိုင့်တပ်တော်လက်က သံသယရှိသူ ထွက်ပြေးသွားမှုအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ ခံခဲ့ကြရပါတယ်။ ကျူးလွန်သူက ဝန်ခံထားပြီးဖြစ်တဲ့အတွက် ထိရောက်တဲ့ အပြစ်ပေးမှုတွေကို ချမှတ်ပေးစေချင်တယ်လို့ ဆရာမရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ပြစ်မှုကျူးလွန်သူက ဝန်ခံထားပြီး ဖြစ်တယ်ဆိုတော့ ကျနော်တို့က သူ့အပြစ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပြည်သူတွေရှေ့မှာ ပေးစေချင်တယ်။ ဘယ်လိုလုပ်ပါဆိုပြီးတော့ ပြောစရာမရှိဘူး။ ဥပဒေနဲ့အညီ ပေးသင့်တဲ့ ပြစ်ဒဏ်ကိုပဲ ပေးစေချင်တယ်။”

အခု ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံထားတဲ့ ကိုမောင်မောင်အေးဟာ အရင်က ULA/AA အတွက် ရန်ပုံငွေရှာပေးရေးနဲ့ ထောက်ပံ့ရေးတွေလုပ်ရတဲ့ အထဲမှာ ပါတဲ့သူတဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့  အေအေဘက်ကတော့ အဲဒီလိုမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

ဆရာမ ဒေါ်နှင်းယုနွယ်ရဲ့ အလောင်းကို စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024