DVB Logo
Home
နိုင်ငံတကာ
အစ္စရေးဘက်တွင် ရပ်တည်ကြောင်း အမေရိကန် ပြော
DVB
·
October 13, 2023
အစ္စရေးဘက်တွင် ရပ်တည်ကြောင်း အမေရိကန် ပြော
Donate to DVB

ဝါရှင်တန်ဟာ အစ္စရေးဘက်မှာ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အစ္စရေးသမ္မတ အိုင်ဆက် ဟဲရ်ဇော့ဂ်ကို အောက်တိုဘာ ၁၂ ရက်မှာ အာမခံ ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီးမှာ ပဋိပက္ခကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့တာပါ။

အစ္စရေးအနေနဲ့ “မှန်ကန်ဖြောင့်မတ်တဲ့ လမ်းကြောင်း” ကို ရွေးချယ်ဖို့လည်း ဘလင်ကန်က တိုက်တွန်းခဲ့ပါတယ်။

“ဒီအရှေ့အလယ်ပိုင်းမှာ ပေါင်းစည်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပုံမှန်ဖြစ်စေရေး လမ်းကြောင်းတွေ ရှိနေပြီး ပါလက်စတိုင်း အပါအဝင် လူသားအားလုံးအတွက် တရားမျှတမှု၊ အခွင့်အလမ်း၊ ဂုဏ်သိက္ခာတွေ ညီတူညီမျှမှုတွေလည်း ရှိနေတယ်” လို့ ဘလင်ကန်က အစ္စရေးသမ္မတနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဟားမတ်စ်က ကမ္ဘာကို ပြသခဲ့တဲ့ အကြမ်းဖက်ခြင်း၊ ဖျက်ဆီးခြင်းနဲ့ အစွန်းရောက်ဝါဒ လမ်းကြောင်းလည်း ရှိတယ်လို့ ဆိုပါတယ်။

ဘလင်ကန်ရဲ့ အစ္စရေးခရီးစဉ်မှာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့လည်း တွေ့ဆုံခဲ့ပြီး အစ္စရေးလုံခြုံရေးအတွက် အမေရိကန်ကွန်ဂရက်မှာ ဘက်ပေါင်းစုံက ထောက်ခံမှု အလွန်များပြားခဲ့ကြောင်း တဲလ်အဗစ်မြို့မှာ နေတန်ယာဟုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အစ္စရေးရှိ ပါလက်စတိုင်း အစ္စလာမ္မစ် ဟားမတ်စ် စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုတွေမှာ အနည်းဆုံး အမေရိကန် ၂၅ ဦး သေဆုံးခဲ့ကြောင်းလည်း ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အစ္စရေးအစိုးရဟာ ကျည်ဆန်ရာတွေ ဇကာပေါက်ဖြစ်နေတဲ့ ကလေးငယ်လေး၊ ခေါင်းဖြတ်အသတ်ခံထားရတဲ့ စစ်သားတွေနဲ့ သူတို့ရဲ့ကားတွေ၊ ပုန်းအောင်းတဲ့နေရာတွေမှာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရတဲ့ လူငယ်တွေ အပါအဝင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို တွေ့ဆုံ အစည်းအဝေးပွဲတွေမှာ မျှဝေပေးခဲ့ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ဒါဟာ စိတ်ကူးကြည့်လို့တောင် မရတဲ့ အဆိုးရွားဆုံး နည်းလမ်းတွေနဲ့ ခပ်ရှင်းရှင်း ယုတ်ညံ့မှုပဲ လို့လည်း ပြောသွားပါတယ်။

ဘလင်ကန်ဟာ ဟားမတ်စ်တွေ ပြန်ပေးဆွဲခံရတဲ့ ဓားစာခံတွေထဲက အမေရိကန်တွေ လွတ်မြောက်ရေးကို ကူညီပေးဖို့နဲ့ အစ္စရေးရဲ့ မြေပြင်တိုက်ပွဲတွေ မစတင်ခင် ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေအတွက် ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းတခု ပေးအပ်ဖို့ အစ္စရေး၊ အီဂျစ်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လည်း ကြိုးပမ်းမှာဖြစ်ပါတယ်။

အစ္စရေးနိုင်ငံပြီးရင် ဘလင်ကန်ဟာ ဂျော်ဒန်နိုင်ငံကို သွားရောက်ပြီး ဘုရင် အဗ္ဗဒူလာနဲ့ ပါလက်စတိုင်း အာဏာပိုင်သမ္မတ မာမွဒ် အက်ဘာ့စ်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

တခြား အာရပ်နိုင်ငံတွေဆီလည်း ဆက်သွားဖွယ်ရှိပေမဲ့ ဘယ်နိုင်ငံတွေဆီ သွားမယ်ဆိုတာကို အမေရိကန် အရာရှိတွေက အတိအကျ မပြောပါဘူး။

ဘလင်ကန်ရဲ့ ခရီးစဉ်မှာ ဟားမတ်စ်ကို ကျောထောက်နောက်ခံပေးထားတဲ့ အီရန်နိုင်ငံကို ပဋိပက္ခထဲမှာ မပါဝင်အောင် ဟန့်တားရေးသဝဏ်လွှာ ပေးပို့ဖို့လည်း ရည်ရွယ်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013