
ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ် ရှမွေဟယ်လ်က သူ့နိုင်ငံအတွင်း စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးတာတွေကို ပြန်လည်တည်ဆောက်ရေးအတွက် အခုနှစ်နဲ့ လာမယ့်နှစ်မှာ ဘတ်ဂျက် ဒေါ်လာ ၄၂ ဘီလီယံလောက် လိုမယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။
ရှမွေဟယ်လ်ဟာ မော်ရိုကိုနိုင်ငံ မေရာကက်ရှ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ် အစည်းအဝေးတွေနဲ့ ဆက်စပ်စကားဝိုင်းမှာ ယူကရိန်းနိုင်ငံကို ထောက်ခံအားပေးဖို့ မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
စားပွဲဝိုင်းမှာ ပြောရာမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အဂျေး ဘန်ဂါက မှန်ကန်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်မယ်ဆိုရင် ယူကရိန်းရဲ့ အနာဂတ် လိုအပ်ချက်တွေထဲက သုံးပုံ တပုံကို ပုဂ္ဂလိက ကဏ္ဍ ငွေကြေးထောက်ပံ့မှုနဲ့ ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပြင်းအထန် တိုက်ပွဲဖြစ်နေချိန်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က အစည်းအဝေးအတွင်း အာမခံ ပေးလိုက်ပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က မဟာမိတ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် ယူကရိန်းကို ဆက်ပံ့ပိုးမယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
“ကျနော်တို့မှာ မတူညီတဲ့ စိန်ခေါ်မှုတွေကို တချိန်တည်းမှာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်နဲ့ ခွန်အားတွေ ရှိပါတယ်။ ကျနော်တို့မှာ ခြိမ်းခြောက်မှုတခုနဲ့ စိန်ခေါ်မှုတခုပဲ ရွေးချယ်ခွင့် ရှိမနေပါဘူး” လို့လည်း သူက ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံထဲက မြေမြှုပ်မိုင်းတွေကို ရှင်းဖို့ ဒေါ်လာ ၅၃၁ သန်းနီးပါးကို လှူဖို့ နိုင်ငံပေါင်း ၃၀ ကျော်က ကတိပြုခဲ့ကြပါတယ်။
ယူကရိန်း ပိုင်နက်နယ်မြေရဲ့ သုံးပုံတပုံအထိ မြေမြှုပ်မိုင်းတွေ ဖုံးလွှမ်းနေလို့ လူခြောက်သန်းအထိ အန္တရာယ်ရှိနေတယ်လို့ ဝန်ကြီးချုပ် ဒန်းနစ် ရှမွေဟယ်လ်က ပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် မော်စကိုအပေါ် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုရဲ့ တစိတ်တပိုင်းအဖြစ် ဘယ်လ်ဂျီယံနိုင်ငံက ရုရှားစိန်တုံးတွေကို ပိတ်ပင်ထားတာ ထောက်ခံတယ်လို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီခရူးက ပြောပါတယ်။
ရုရှားနိုင်ငံဟာ တနှစ်ကို ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိတဲ့ စိန်ရိုင်းတွေကို တင်ပို့နေပြီး ကမ္ဘာ့ စုစုပေါင်းရဲ့ သုံးပုံတပုံနီးပါး ရှိပါတယ်။
ဘယ်လ်ဂျီယံကတော့ ကမ္ဘာ့စိန်ရောင်းဝယ်ရေးမှာ ဥရောပသမဂ္ဂအတွင်း စိတ်ဝင်စားမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Source/Photo-Reuters










