DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်း၌ အမိုနီယမ်နိုက်ထရိတ် ယမ်းပေါက်ကွဲခြင်းဖြစ်ဟု စစ်ကောင်စီပြော 
DVB
·
October 12, 2023
ကချင်စစ်ရှောင်စခန်း၌ အမိုနီယမ်နိုက်ထရိတ် ယမ်းပေါက်ကွဲခြင်းဖြစ်ဟု စစ်ကောင်စီပြော 
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာအနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှာ အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ  အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီး၊ မုန်လိုင်ခက်စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကျနော်တို့ရဲ့ အမာခံသတင်းပေးတွေရဲ့ သတင်း ပေးပို့ဖော်ထုတ်ချက်တွေအရ ဖော်ထုတ်ရရှိတဲ့ သတင်းကို ပြောပေးမှာဖြစ်ပါတယ်။ ပထမအချက်က မုန်လိုင်ခက် ဒုက္ခသည်စခန်းဆိုပြီး အမည်ခံထားတာ ဖြစ်ပါတယ်။ အဲဒီနားလေးမှာ ကေအိုင်အေသင်တန်းကျောင်း တစ်ခုရှိတယ်။ အဲဒီသင်တန်းကျောင်းမှာ အမိုနီယမ်နိုက်ထရိတ်ယမ်းတွေ သိုလှောင်ထားတာရှိတယ်။ ကျနော်တို့ရဲ့ဖော်ထုတ်ချက်အရ အဲဒီယမ်းတွေကို ကေအိုင်အေအဖွဲ့က ခေါင်းဆောင်တွေ၊ နောက်ပြီး ဒေါ်အားလီ (ခေါ်) အားလီကျဲ ပိုင်တယ်ဆိုတာလည်း ဖော်ထုတ်ရရှိခဲ့ပါတယ်။ ၉ ရက်နေ့ ညပိုင်းက အဲဒီမှာ မတော်တဆမှု ဖြစ်ပွားပြီးတော့ ရုတ်တရက် ပေါက်ကွဲတာဖြစ်တယ်လို့လည်း သတင်းဖော်ထုတ် ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ နယ်စပ်ဂိတ်တွေမှာလည်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းတချို့ မီဒီယာတွေမှာ တက်လာတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ အဲဒီပုံတွေ ကို သေသေချာချာကြည့်ရင် ဒီဟာသည် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာ၊ ပွင့်ထွက်သွားတဲ့ နေရာတစ်ခု ဖြစ်မှန်း သိသာတယ်လို့ ပြောချင်တယ်။ ဒုတိယ အချက်အနေနဲ့ ဒီကိစ္စကို တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘူး။ တပ်မတော်အနေနဲ့ သူတို့ စွပ်စွဲသလို ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ မရှိခဲ့ပါဘူး”လို့ စစ်ကောင်စီမီဒီယာကနေ ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့  စစ်ကောင်စီတပ်ဟာ မုန်လိုင်ခက် စစ်ရှောင်စခန်းနေ ပြည်သူလူထုဆီကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကေအိုင်အေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖားကန့် ဖျော်ဖြေပွဲတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူတွေ အများအပြား သေဆုံးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်ကတော့ အခုလိုပဲ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်  တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့  ဝန်ခံခြင်းမရှိပါဘူး။

စစ်ဘက်ရေးရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ကချင်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့  အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို  NUGနဲ့ NLD အပါအဝင် ပြည်တွင်းက အဖွဲ့အစည်းတွေသာမက ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ် စတဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013