DVB Logo
Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းမြောက်‌ဒေသတွင် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု ပိုဆိုးလာ
DVB
·
October 11, 2023
ကချင်နှင့် ရှမ်းမြောက်‌ဒေသတွင် စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု ပိုဆိုးလာ
Donate to DVB

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုပြင်းထန်လာပြီး အဲဒါတွေဟာ တရုတ်နိုင်ငံ BRI ပိုးလမ်းမစီမံကိန်း တိုးချဲ့မှုနဲ့ ဆက်စပ်နေတယ်လို့  ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT က ထုတ်ပြန်ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၁ လနဲ့ နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းကစပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူ ၂၀၀ နီးပါး ၊ လူသားဒိုင်းအဖြစ် စေခိုင်းခံရသူ ၂၂၁ ဦးထိ သိသိသာသာ တိုးမြင့်လာတယ်လို့  KWAT ရဲ့ “ သွေးစွန်းနေသော တံခါးပေါက်များ ”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူနေထူထပ်တဲ့ အရပ်ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ အကြိမ်ပေါင်း ၃၀ ရှိပြီး အရပ်သား ၆၁ ဦး ထိခိုက်သေဆုံးခဲ့တယ်၊ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် အပါအဝင် လူပေါင်း ၄၄၁ ဦး မတရားဖမ်းဆီးခံခဲ့ရတယ်၊ အဖမ်းခံရတဲ့ထဲမှာ ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအများစုဟာ မြေပုံအရ ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့  BRI ပိုးလမ်းမ စီမံကိန်းရဲ့ အခြေခံအဆောက်အအုံ အရေးကြီးတဲ့ တံခါးပေါက်တွေဖြစ်တဲ့ မြန်မာပြည်မြောက်ပိုင်းအဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်း  တလျှောက်မှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေဟာ အဓိကသယ်ယူပို့ဆောင်ရေးသွေးကြောထိန်းချုပ်မှုကို ကာကွယ်ဖို့၊ စုပေါင်းပြစ်ဒဏ်ပေးတာကို ဗျူဟာတစ်ခုအနေနဲ့ စစ်‌ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်လို့  KWAT က သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖားကန့်ဖျော်ဖြေပွဲတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်၊ အဲဒီမတိုင်ခင် ၁ ရက်အလိုက တရုတ်ပြည် ကုန်သွယ်ရေးလမ်းစင်္ကြံတွေကို အပေါ်စီးကနေ မြင့်ရတဲ လုံဂျာတောင်ပေါ်က ကေအိုင်အေစခန်းတွေကို စစ်ကောင်စီက သိမ်းပိုက်ဖို့ ကြိုးစားစဉ် တိုက်ခိုက်ခံရပြီး အထိနာခဲ့တယ်။ ဒါကြောင့် ဖျော်ဖြေပွဲကို ပြန်ဗုံးကြဲတာလို့  KWAT က ဆိုပါတယ်။ 

စစ်ကောင်စီဟာ လူပေါင်း ၁ သိန်းကျော်ရှိတဲ့ ရှိရင်းစွဲစစ်ရှောင်စခန်းတွေကို ပိတ်သိမ်းဖို့ ဖိအားပေးထားပေမဲ့ ပြီးခဲ့တဲ့ ၁၅ လအတွင်း တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နောက်ထပ်ရွာသား ၁၄၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရတယ်၊  ဒါကြောင့် စစ်ကောင်စီအနေနဲ့ မြန်မာပြည်တဝန်း အရပ်သားတွေအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အလှူရှင်နိုင်ငံတွေအနေနဲ့ နယ်စပ်ဖြတ်ကျော် IDP စစ်ဘေးရှောင်တွေအတွက် အကူအညီ တိုးမြှင့်ပေးဖို့ KWATက အရေးပေါ်တောင်းဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပိုးလမ်းမစီမံကိန်း တိုးမြှင့်မယ့်အစီအစဉ်ကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

“တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ပေါင်းပြီး BRI  ပိုးလမ်းမစီမံကိန်းကို ရှေ့တိုးလုပ်ဆောင်ခြင်းအားဖြင့် ကြီးမားတဲ့အန္တရာယ်ကို ယူနေတယ်၊ စီမံကိန်းအတွက် ဘာအာမခံချက်မှလည်း မရှိ၊ စီမံကိန်းတွေနဲ့ တိုးမြင့်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာပဲ တရုတ်နိုင်ငံက ကြံရာပါဖြစ်လာလိမ့်မယ်"လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၉ ရက် ညကလည်း စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီး၊ မုန်လိုင်ခက်စစ်ရှောင်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလို အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်  တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တကြိမ် တခါမှ  ဝန်ခံခြင်းမရှိပါဘူး။ 

Source/Photo- KWAT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013