လူဇွန်စီးပွားရေးစင်္ကြံ စီမံကိန်းက တရုတ် ပိုးလမ်းမစီမံကိန်းကို တန်ပြန်ဖို့လား
September 12, 2026

အမေရိကန်၊ ဂျပန်၊ အီးယူနဲ့ မိတ်ဖက်နိုင်ငံတွေက ဖိလစ်ပိုင်နိုင်ငံမှာဗဟိုပြုမယ့် လူဇွန်စီးပွားရေး စင်္ကြံစီမံကိန်းမှာ ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
လူဇွန်စီးပွားရေးစင်္ကြံ ရင်းနှီးမြှုပ်နှံမှုဖိုရမ် (Luzon Economic Corridor Investment Forum) ကို စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တာပါ။
လူဇွန်စီးပွားရေးစင်္ကြံကို အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး အီးယူနဲ့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတွေ ထပ်မံပူးပေါင်းပါဝင်လာတာ တွေ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဗဟိုပြုထားတဲ့ လူဇွန်စီးပွားရေးစင်္ကြံမှာ မဟာဗျူဟာမြောက် စီမံကိန်း ၃၈ ခု ပါဝင်ပြီး ရင်းနှီးမြှုပ်နှံသူတွေက စုစုပေါင်း ဒေါ်လာ ဘီလီယံ ၂၀ ကျော် စုပေါင်း ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက စွမ်းအင်ကဏ္ဍနဲ့ စီးပွားရေးမြှင့်တင်ဖို့အတွက် ကနဦး အကူအညီအဖြစ် ဒေါ်လာ သန်း ၆၀ ကို ဖိုရမ်အတွင်းမှာ ဖိလစ်ပိုင်အစိုးရကို ပေးအပ်ခဲ့ပါတယ်။
လူဇွန်စီးပွားရေးစင်္ကြံကနေ ဒေသတွင်းသာမက ကမ္ဘာတဝန်း စီးပွားကုန်သွယ်ရေးလမ်းကြောင်း တွေ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီဲးဌာန၊ စီးပွားရေး၊ စွမ်းအင်နဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာဗျူရို အကြီးတန်းအကြံပေး ဟီသာရုချ်ဗာရီယားဗားက စက်တင်ဘာ ၁၀ ရက်ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ မိတ်ဖက်တွေရဲ့ လူဇွန်စီးပွားရေးစင်္ကြံအတွက် ရည်မှန်းချက် ပန်းတိုင်ကတော့ ကုန်စည်တွေ၊ စွမ်းအင်ထုတ်ကုန်တွေ၊ သတင်းအချက်အလက်နဲ့ အတွေးအခေါ် တွေ လူဇွန်စီးပွားရေးးစင်္ကြံကနေဖြတ်သန်းပြီး အလွယ်တကူ စီးဆင်းနိုင်အောင်ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ လူဇွန်ကနေ ကမ္ဘာတခုလုံးဆီ စီးဆင်းနိုင်ဖို့ဖြစ်ပါတယ်။ အခုကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်က အချက်တခုအတွက် အဓိကထားတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေက လူဇွန်စီးပွားရေးစင်္ကြံအတွက် အမှန်တကယ် မောင်းနှင်အားဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့ဖြစ်ပါတယ်၊ ကျမတို့က ရင်းနှီးမြှုပ်နှံသူတွေ၊ ဖွံ့ဖြိုးရေးဆောင်ရွက်သူတွေနဲ့ စက်မှုလုပ်ငန်းဦးဆောင်သူတွေကို ဖိုရမ်ဆီကို တပါတည်း ခေါ်ဆောင်လာခဲ့ပါတယ်၊ အခွင့်အလမ်းတွေ၊ ထောက်ပံ့ပိုဆောင်ရေးတွေ၊ လိုအပ်တဲ့ စွမ်းအင်တွေ၊ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ခပ်မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ဖြစ်ပါတယ်၊ ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ကိုရီးယား၊ ဆွီဒင်နဲ့ ဗြိတိန်တို့ မေလမှာ လူဇွန်စီးပွားရေးစင်္ကြံစီမံကိန်းမှာ ပူးပေါင်းပါဝင်ခဲ့ပြီး ယနေ့မှာတော့ ဥရောပသမဂ္ဂနဲ့ စပိန်တို့ ကျမတို့နဲ့ ချိတ်ဆက်လာပါတယ်။”
လူဇွန်စီးပွားရေးစင်္ကြံစီမံကိန်းမှာ ဒေါ်လာ ၄.၅ ဘီလံယံ ကျော် တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့ ဂေဟစနစ်စီမံကိန်း၊ ဒေါ်လာ ၄ ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ ဆန်ဂလေ နိုင်ငံတကာ လေဆိပ် စီမံကိန်း၊ ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိတဲ့ ဆင်ခြေဖုံးရထားလမ်း လုပ်ငန်းလည်ပတ် ထိန်းသိမ်းရေး စီမံချက်၊ ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ မြို့တော်မနီလာ မြေအောက်ရထားလမ်းလုပ်ငန်း လည်ပတ် ထိန်းသိမ်းရေး စီမံချက်တွေ ပါဝင်တာတွေ့ရပါတယ်။
စီမံကိန်းလျာထားချက်တွေအရ ဖိလစ်ပိုင်မှာဗဟိုပြုမဲ့ လူဇွန်စီးပွားရေးစင်္ကြံစီမံကိန်းဟာ ပထဝီဝင်ဂေဟစနစ် နိုင်ငံရေးအထိ အင်အားကြီးနိုင်ငံတွေက ဦးတည်ထားတာတွေ့ရတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဒေသတွင်းမှာ တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာ အလွန်အကျွံလွှမ်းမိုးချုပ်ကိုင်လာတာကို ကန့်သတ်ဖို့ ရည်ရွယ်တာမျိုးလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုး က “ဗျူဟာမြောက် အလှည့်အပြောင်းကို ကြည့်လို့ရှိရင် ဒါကို တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း (BRI) ကို တန်ပြန်ဖို့ အတွက် ဒီမိုကရေစီနိုင်ငံတွေက မဟာမိတ်အုပ်စုတွေရဲ့ အစားထိုးစီမံကိန်းအဖြစ်နဲ့ ပေါ်လစီ ချမှတ်ထားတာဖြစ်တယ်။ ဖိလစ်ပိုင်က အနောက်အုပ်စုရဲ့ စီးပွားရေးနဲ့ ကာကွယ်ရေး အစီအစဉ် တွေမှာ ပေါ်ပေါ်တင်တင် ပူးပေါင်းပါဝင်တယ်ဆိုတာက အာဆီယံရဲ့ စည်းလုံးညီညွတ်တယ်ဆိုတဲ့ ရပ်တည်ချက်ပြိုကွဲနေတာ ဒါကိုပြသနေတယ်။ ဒါကြောင့်မို့လို့ မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံရဲ့ စုပေါင်းပြီးမှ စွမ်းဆောင်နိုင်တယ်ဆိုတဲ့ ကိစ္စမျိုးတွေက လုံးဝကို ပျက်ပြားသွားတာပေါ့။ အာဆီယံထဲမှာဖြစ်ပေါ်နေတဲ့ အဖွဲ့အစည်းဆိုင်ရာပြဿနာတွေက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်ကလည်းပဲ ဒေသတွင်း သံတမန်ရေးရာတွေထက်ကို ပြည်တွင်းစစ်ရေးနဲ့ လက်တွေ့မြေပြင်အခြေအနေတွေအပေါ်မှာ လုံးလုံးလျားလျားမူတည်နေတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်၊ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေအတွက် လူဇွန်စီးပွားရေးစင်္ကြံက ပြင်းထန်တဲ့သတိပေးချက်တခုအနေနဲ့ မှတ်ယူရမှာဖြစ်တယ်၊ အာဏာစက်ကို ကိုယ်စားပြုတဲ့ လက်နက်တခုဖြစ်တယ်ဆိုတာကို ကျမတို့ လေးလေးနက်နက် နားလည်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဩဂုတ်လ ဒုတိယအပတ်မှာ အရှေ့တောင်အာရှဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ကမ္ဘာဒီးယားနိုင်ငံတွေက ကာကွယ်ရေးတာဝန်ရှိသူတွေဆီကို သံတမန်ရေးရာခရီးစဉ်သွားရောက်ခဲ့ပြီး စစ်ရေးမူဝါဒဆိုင်ရာ မဟာမိတ်ဆက်ဆံရေး တိုးမြှင့်ခဲ့ တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ မူဝါဒရေးရာ ဒုဝန်ကြီး အယ်လ်ဘရစ်ခ်ျ အေ.ကိုလ်ဘီ (Elbridge A. Colby) က ဩဂုတ် ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
အရှေ့တောင်အာရှဒေသတွင်းကို အမေရိကန်က စစ်ရေး၊ စီးပွားရေး လမ်းကြောင်းစုံကနေ ခပ်စိပ်စိပ် ချဉ်းကပ်နေတာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ သတင်းစာရှင်းလင်းပွဲတွေမှာ တိုက်ရိုက်ဖြေကြားတာမျိုးမရှိသေးပါဘူး။
သုတချမ်းသာ











