Home
နိုင်ငံတကာ
တရုတ်နှင့်ပူးပေါင်းသည့်နိုင်ငံများ ထိခိုက်နစ်နာဟု သမ္မတ ဘိုင်ဒင်ပြော၊ ဖိလစ်ပိုင်ကို ကာကွယ်မည်ဟုဆို
DVB
·
October 26, 2023

တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းစီမံကိန်း “Belt and Road” ပဏာမခြေလှမ်းလို့ လူသိများတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး တွန်းအားပေးမှုဟာ တရုတ်ပြည်မကြီးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေကို ထိခိုက်နစ်နာစေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  ပြောလိုက်ပါတယ်။

ခေတ်သစ်ပိုးလမ်း ပဏာမခြေလှမ်းတွေထဲမှာ တရုတ်ဟာ မိတ်ဘက်နိုင်ငံတွေကို “ကြိုးကွင်းထဲမှာ အသေအလဲ” ချန်ထားခဲ့တယ်လို့ သမ္မတ ဘိုင်ဒင်က  အိမ်ဖြူတော်မှာ အောက်တိုဘာ ၂၅ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

ပိုးလမ်းမစီးပွားရေး ခါးပတ်လမ်းနဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကို ရည်ညွှန်းတဲ့ BRI စီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံက စတင်ခဲ့တာပါ။

ရှေးခေတ် ပိုးလမ်းမ လမ်းကြောင်းတလျှောက်ကို ကျော်လွန်ပြီး အာရှ၊ ဥရောပနဲ့ အာဖရိကတို့ ချိတ်ဆက်ထားတဲ့ ကုန်သွယ်မှုနဲ့ အခြေခံအဆောက်အဦ ကွန်ရက်တွေ တည်ဆောက်ရေး ရည်မှန်းထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဒေသပေါင်းစုံ အခြေခံအဆောက်အအုံ BRI မူဘောင်အတွင်း စာရွက်စာတမ်း ၂၃၀ ကျော်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဖိလစ်ပိုင်ကို ကာကွယ်ရေးအတွက်လည်း အမေရိကန်ရဲ့ ကတိကဝတ်အတိုင်း ဆက်ရှိနေမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဖိလစ်ပိုင်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်း အန္တရာယ်ရှိရှိ ဥပဒေမဲ့ ပြုမူတယ်လို့ တရုတ်က စွပ်စွဲပြီးတဲ့နောက် အခုလိုပြောကြားခဲ့တာပါ။

သမ္မတဘိုင်ဒင်က “ဖိလစ်ပိုင်အတွက် အမေရိကန်ရဲ့ ကာကွယ်ရေး ကတိကဝတ်နဲ့ သဘောတူညီချက်တွေဟာ မကျိုးပျက်နိုင်သလို ပြန်လည်းရုပ်သိမ်းမှာ မဟုတ်ဘူး။ ဖိလစ်ပိုင် လေယာဉ်တွေ၊ သင်္ဘောတွေ ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်တာ မှန်သမျှဟာ ဖိလစ်ပိုင်နဲ့ ကျနော်တို့ရဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူ စာချုပ်ကို ဖိတ်ခေါ်လိုက်တာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ဖိလစ်ပိုင်မိတ်ဆွေတွေက တောင်တရုတ်ပင်လယ်အတွင်း သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးဇုန်ထဲမှာ ပုံမှန်ပြန်လည်ထောက်ပံ့ရေးမစ်ရှင်ကို ဆောင်ရွက်ချိန်မှာ တရုတ်သင်္ဘောတွေနဲ့ သက်ဆိုင်သူတွေက အန္တရာယ်များပြီး ဥပဒေနဲ့မညီဘဲ လှုပ်ရှားခဲ့ပြီး ဒီလုပ်ရပ်ဟာ အန္တရာယ်ဖြစ်စေတယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024