DVB Logo
Home
မြန်မာသတင်း
ခွဲတမ်းဖြင့် ဆီရောင်းချနေရမှုကို ဆီလုပ်ငန်းရှင်များ စိတ်ပျက်နေ
DVB
·
October 11, 2023
ခွဲတမ်းဖြင့် ဆီရောင်းချနေရမှုကို ဆီလုပ်ငန်းရှင်များ စိတ်ပျက်နေ
Donate to DVB

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုနဲ့ စားသုံးဆီ လက်လီရောင်းချပေးနေရတဲ့အပေါ် ဆီလုပ်ငန်းရှင်တွေ စိတ်ပျက်နေတယ်လို့ မန္တလေးမြို့ရှိ ဆီလုပ်ငန်းရှင်တွေထံက သိရပါတယ်။

စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန်တွေ ထုတ်ဝေအပြီးမှာ ကုန်ဈေးနှုန်းတွေ ပိုမိုကြီးမြင့်လာတာဖြစ်ပြီး ပြီးခဲ့တဲ့လက ဈေးချိုထဲက စားသုံးဆီဆိုင်တွေမှာပါ အရောင်းရပ်တန့်လိုက်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာပါ။

အဲ့ဒီအတွက် ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ စစ်အုပ်စုက စီမံဆောင်ရွက်လာတာဖြစ်ပြီး ဆီလုပ်ငန်းရှင်များအသင်းဝင်တွေ အနေနဲ့ စားသုံးဆီကို သတ်မှတ်လျှော့ဈေးအတိုင်း ခွဲတမ်းချ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

အဲဒီလို ရောင်းချရာမှာ ပြည်သူတွေဟာ နေပူထဲမှာ လူတန်းရှည်ကြီးနဲ့ စောင့်ဆိုင်းဝယ်ယူနေရပြီး အမှန်တကယ် လိုအပ်သလောက် ဝယ်ယူလို့မရတဲ့အတွက် ပိတ်လိုက်ရတဲ့ဆိုင်တွေ ရှိတယ်လို့လည်း သိရပါတယ်။

စားသုံးဆီနဲ့ ကြော်ရောင်းချနေရတဲ့ အကြော်ဆိုင်တချို့ ရပ်နားလိုက်ရတာတွေအထိ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဝယ်ယူသူ အများစုကတော့ အခြေခံလူတန်းစားတွေဖြစ်ပြီး အိမ်ထောင်စုတစုကို ဆီငါးဆယ်သား (သို့) ဆီတပိဿာ ဝယ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။

တချို့ကတော့ အဆိုပါဆီကို ဝယ်ယူပြီး ပြင်ပမှာ ပြင်ပပေါက်ဈေးနဲ့ ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့ရှိ ဆီလုပ်ငန်းရှင်တဦးက “အသင်းဝင်ထားတဲ့လူတွေကတော့ မဖြစ်မနေ ရောင်းပေးရတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့လည်း တော်တော်စိတ်ပျက်နေကြပြီ။ မရောင်းပေးရင်လည်း အရေးယူမှာဆိုတော့၊ ပြီးတော့ နယ်ပို့တာကိုလည်း ကန့်သတ်လိုက်တယ်။ ဆန်ဆိုလည်း ငါးပိုင်း၊ ဆီဆိုလည်း ငါးပုံး၊ အဲဒီထက်ပိုပို့ရင် ဖမ်းတာ” လို့ ပြောပါတယ်။

ဆန်နဲ့ ဆီကို တိုင်းနဲ့ ပြည်နယ် ကျော်ပြီး သယ်ယူတာတွေကိုလည်း ကန့်သတ်လိုက်တာဖြစ်ပြီး အဲဒီအတွက် ဆီလုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဆီလုပ်ငန်းရှင်တွေအနေနဲ့ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရရှိလိုတယ်လို့ ဆိုပါတယ်။

ဆီလုပ်ငန်းရှင်တဦးက “ကျနော်တို့ဆိုရင် နယ်တွေကို အဓိကပို့ပြီး ရောင်းရတာ။ အခုဆိုရင် ဘယ်လိုမှ သယ်လို့မရတော့ဘူး။ ဆီတွေပို့မရရင် နယ်ကလူတွေ ဘယ်လိုစားကြမလဲ၊ ပြည်သူတွေက တအားကျပ်တည်းနေပြီ၊ ဘာလုပ်စားရမယ်ကို မသိတော့ဘူး” လို့လည်း ပြောပါတယ်။

အခုလို ဆန်နဲ့ဆီတွေ သယ်ယူခွင့် ကန့်သတ်လိုက်တာဟာ မှောင်ခိုသယ်ယူရတဲ့ခေတ်ကို ပြန်နေပြီး စစ်ဆေးဖမ်းဆီး အရေးယူသူတွေဟာလည်း ငွေကြေးတောင်းယူတာ၊ လာဘ်စားတာတွေ ပိုမိုကျယ်ပြန့်လာနေတယ်လို့  စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

Photo - မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013