
ရန်ကုန်တိုင်းအတွင်း စားသုံးဆီ ကိုယ်စားလှယ်တွေ ဆီခွဲတမ်း နည်းပါးသွားတာကြောင့် ဩဂုတ် ၂၉ ရက်က စတင်ကာ တအိမ်ထောင်လျှင် စားသုံးဆီ ၂၅ ကျပ်သားသာ ရောင်းချပေးတော့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ စားသုံးဆီတွေကို ဩဂုတ် ၂၉ ရက်က စတင်ကာ ၇ ရက်လျှင် တအိမ်ထောင်ကို ဆီ ၂၅ ကျပ်သားစီ ရောင်းချပေးနေကြောင်း အိမ်ရှင်မတယောက်က ပြောပါတယ်။
“အရင်က တပတ် တကြိမ် ဆီစာအုပ်နဲ့ ဆီ ၅၀ သား ရောင်းပေးတယ်။ နောက်ပိုင်း ၁၅ ရက်မှ တခါပဲ ရောင်းပေးတော့တာ။ အခု ၅၀ သားကနေ ၂၅ သားပဲ ရောင်းတော့တယ်။ ဒါတောင် လူတိုင်း မရဘူး။ မနေ့ကဆို လူ ၃၀ စီပဲ ရောင်းပေးနိုင်တယ်။”
ဩဂုတ် ၂၈ ရက်က ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူတွေ အကြား ဆီခွဲတမ်းကိစ္စနဲ့ အချေအတင် စကားများခဲ့ကြကြောင်း လက်လီလက်ကား ရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
“မပေးနိုင်လို့ မပေးတာက ဘာမှမဖြစ်ဘူး။ လူဦးရေ ထောင်ချီ၊ သောင်းချီရှိတဲ့ ရပ်ကွက်တွေကို ဆီကုန်သည်အသင်းက ဆီ ၈ ပိဿာ၊ ၉ ပိဿာပဲ ရောင်းပေးတော့ ရပ်ကွက်မှာ ဘယ်လို ပြန်ပေးမလဲ။ ၂၅ သား ပေးတာတောင် ရတဲ့သူက ဘာမှမပြောပေမဲ့ မရတဲ့သူက ပြဿနာရှာတာပေါ့။ လက်လီရောင်းတဲ့သူနဲ့ ရပ်ကွက်ထဲ ဆီထုတ်ပေးတဲ့သူတွေကို လှည့်ပြီး ရန်တိုက်ပေးနေသလိုပါပဲ။”
လက်ရှိ စားအုန်းဆီ ပြင်ပပေါက်ဈေးမှာ တပိဿာလျှင် ကျပ် ၁၆,၀၀၀ မှ ၁၈,၀၀၀ ကျပ်ကြား ရှိနေပေမဲ့ ဈေးကွက်အတွင်း လိုသလောက် ဝယ်ယူလို့ မရကြောင်း ဆီကိုယ်စားလှယ်တယောက်က ပြောပါတယ်။
“ပေါက်ဈေး ၁၇,၀၀၀၊ ၁၈,၀၀၀ က မကျဘူး။ ဒါတောင် လိုသလောက် ဝယ်လို့ မရဘူး။ မှောင်ခိုဈေးကွက်မှာတော့ ဆီက ဒလဟောပဲ၊ အဆက်အသွယ်နဲ့ အလုပ်လုပ်နေကြတာ။ စားသုံးဆီက ပြတ်နေတာ မဟုတ်ဘူး၊ လှောင်ပြီး ဈေးကစားချင်တဲ့သူတွေကြောင့် အခုလို ဖြစ်နေတာ။”
ဆီကုန်သည်အသင်းက မြို့နယ်တွေကို မော်တော်ယာဉ်တွေနဲ့ လှည့်လည်ကာ တအိမ်ထောင်လျှင် စားသုံးဆီ ၅၀ သား ရောင်းချပေးတယ်ဆိုပေမဲ့ တကြိမ်လျှင် ဆီပိဿာ ၁၀၀ မှ ၁၅၀ ခန့်သာ ပါရှိလို့ လူတိုင်း မရကြကြောင်း အိမ်ရှင်မတွေက ပြောပါတယ်။
စစ်အာဏာရှင်ခန့် ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီး ဒေါက်တာ ဒေါ်မေသန်းနွယ်ကတော့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှာ ဆီစာအုပ်စနစ်နဲ့ အိမ်ထောင်စုတစုလျှင် တလလျှင် ဆီ ၃ ပိဿာနှုန်းနဲ့ ရောင်းချပေးနေကြောင်း ဩဂုတ် ၂၁ ရက်က ပြုလုပ်တဲ့ ကိစ္စရပ်တွေမှာ ပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ဆန်၊ စားသုံးဆီ၊ ကြက်ဥတွေကို ပြည်သူတွေအနေနဲ့ တန်းစီစနစ်၊ စာအုပ်စနစ်တို့နဲ့ တန်းစီ ဝယ်ယူစားသုံးနေကြရတာ ဖြစ်ပါတယ်။
Photo: DVB











