DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား ကေအိုင်အေ ဖမ်းဆီး
DVB
·
October 10, 2023
မိုးညှင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား ကေအိုင်အေ ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲလို့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) က ဖမ်းဆီးသွားတဲ့ လူငယ်တချို့ကို ပြန်လွတ်မလာသေးဘူးလို့  ဒေသခံတွေက ပြောပါတယ်။

အောင်သပြေရပ်ကွက်မှာရှိတဲ့ ရာဘာခြံအနီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ အမျိုးသား အမျိုးသမီး အယောက် ၄၀ ထက်မနည်းကို အောက်တိုဘာ ၇ ရက်က ဖမ်းဆီးသွားပြီး အသက်ကြီးပိုင်း လူကြီးတချို့ကိုသာ ပြန်လွှတ်ပေးခဲ့ကာ လူငယ်အများစုကိုတော့ သုံးရက်ခန့်ကြာတဲ့အထိ ပြန်လည်မလွှတ်ပေးသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ကေအိုင်အေက ဝင်ဖမ်းတာ အောက်တိုဘာ ၇ ရက်နေ့ကပဲ။ အားလုံးပေါင်း လူကြီးလူငယ် အမျိုးသား အမျိုးသမီး ၄၀ ကျော်လောက် ပါသွားတယ်။ လူကြီးပိုင်းထဲက တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ လူငယ်တွေကတော့ ၃ ရက်မြောက်တဲ့အထိ ပြန်မလွှတ်သေးဘူး။ ကျန်တဲ့လူငယ်ဦးရေ တိတိကျကျ မသိရဘူး” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲလို့ ကေအိုင်အေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့အထဲကနေ အသက်ကြီးပိုင်း လူကြီးတချို့ကိုတော့ ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ လူငယ်တချို့ကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးတဲ့ လူငယ်တချို့ပါ ဘိန်းဖြူ၊ WY ဆေးပြား၊ ဆေးခြောက် စတဲ့ မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့တွေက တရားမဝင် ငွေကြေးရယူနေပြီး ဖမ်းဆီးတာ မရှိပါဘူး။

မိုးညှင်းမြို့ခံတဦးက “အာဏာသိမ်းပြီးကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ရဲတပ်ဖွဲ့က ဖမ်းတာ ဆီးတာ မရှိဘူး။ အသက်မပြည့်သေးတဲ့ လူငယ်တွေပါ ခုနောက်ပိုင်း မူးယစ်ဆေး တွင်တွင်ကျယ်ကျယ် သုံးလာပေမဲ့ မဖမ်းဘူး။ ဘယ်ဖမ်းမလဲ သူတို့က လိုင်းကြေးယူထားတာကိုး။ ရဲစခန်းနားမှာတင် မူးယစ်ဆေး ရောင်းဝယ်နေကြတာရှိတယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင် ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013