DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းတိုက်ခိုက်ခံရသည့်ကိစ္စ  မြန်မာသံအမတ်ကြီး ကုလညီလာခံ၌ ပြောကြား
DVB
·
October 10, 2023
ကချင်စစ်ရှောင်စခန်းတိုက်ခိုက်ခံရသည့်ကိစ္စ  မြန်မာသံအမတ်ကြီး ကုလညီလာခံ၌ ပြောကြား
Donate to DVB

ကေအိုင်အေ ဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်က ကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာ လုံခြုံရေးကော်မတီရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

သံအမတ်ကြီးဟာ မိန့်ခွန်းပြောတဲ့အချိန် အမေရိကန်စံတော်ချိန် ညနေပိုင်းမှာပဲ ကချင်ပြည်နယ်၊ လိုင်ဇာဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေ သေကျေဒဏ်ရာရရှိခဲ့သလို အဆောက်အဦတွေလည်း ပျက်စီးခဲ့တာကို ကြားသိရတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ထိခိုက်နာကျင်မှုတွေအပေါ် ဖော်ပြဖို့ စကားလုံးမရှိသလို ပြောရက်စရာမရှိတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ လူမဆန် ရက်စက်ယုတ်မာ သတ်ဖြတ်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် စစ်ကောင်စီအပေါ် အပြည့်အဝ လက်နက်ပိတ်ပင်တာနဲ့ လေယာဉ်ဆီတွေ တင်သွင်းမှု ရပ်ဆိုင်းဖို့ကို ဆောင်ရွက်ပေးဖို့ အမြန်ဆုံး လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီကို သံအမတ်ကြီးက တိုက်တွန်းခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ လိုင်ဇာဌာနချုပ်နဲ့ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးတွေ အပါအဝင် လူအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် များစွာ ထိတ်လန့်ဝမ်းနည်းရတယ်လို့  ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့   (UNICEF) က ထုတ်ပြန်ပါတယ်။

အဆိုပါ လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိတဲ့ တိုက်ခိုက်မှုလုပ်ရပ်ဟာ ကျပ်တည်းနေတဲ့ အခြေအနေကာလတွေမှာ ထိခိုက်နစ်နာလွယ်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေတယ်လို့ဆိုပါတယ်

မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းဟာ လုံခြုံစိတ်ချရပြီး စိုးရိမ်ကြောင့်ကြမှုကင်းဝေးတဲ့ ပတ်ဝန်းကျင်မှာသာ ရှင်သန်ကြီးပြင်းရပါမယ်၊ မိမိတို့သားသမီးတွေနဲ့ မိသားစုတွေ ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်၊ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေ ဘယ်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ် မဟုတ်လို့  (UNICEF) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013