DVB Logo
Home
နိုင်ငံတကာ
အစ္စရေး၌ ထိုင်းနိုင်ငံသား ၁၈ ဦးသေဆုံး၊ ထိုင်းပြည်သူများကို လေယာဉ်ဖြင့် ပြန်ခေါ်ဆောင်ရန် အစိုးရ စီစဉ် 
DVB
·
October 10, 2023
အစ္စရေး၌ ထိုင်းနိုင်ငံသား ၁၈ ဦးသေဆုံး၊ ထိုင်းပြည်သူများကို လေယာဉ်ဖြင့် ပြန်ခေါ်ဆောင်ရန် အစိုးရ စီစဉ် 
Donate to DVB

အရှေ့အလယ်ပိုင်းဒေသ အစ္စရေးနိုင်ငံမှာ ပြီးခဲ့တဲ့စနေနေ့က ဟားမတ်စ်အဖွဲ့ရဲ့ ဝင်ရောက် တိုက်ခိုက်မှုခံရပြီးတဲ့နောက် လူပေါင်းရာနဲ့ချီ သေဆုံးရတဲ့ထဲ အဲဒီနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်း နိုင်ငံသားတွေလည်း အနည်းဆုံး ၁၈ ဦး သေဆုံးတာ၊ ဒဏ်ရာရတာနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတာတွေ ရှိနေပါတယ်။

သေဆုံးသူ ဦးရေအတိအကျကို အစ္စရေးအစိုးရဘက်က တရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ သက်ဆိုင်ရာ အလုပ်ရှင်တွေက အစ္စရေးမှာရှိတဲ့ ထိုင်းသံရုံးကို ဆက်သွယ်အကြောင်းကြားချက် အရ ၁၈ ဦးရှိသွားပြီလို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကျကဖုန်း ဆိုင်မဏီးက အောက်တိုဘာ ၁၀ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၉ ဦးနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၁၁ ဦးရှိကြောင်း၊ အစ္စရေးနိုင်ငံမှာ ထိုင်းနိုင်ငံသားစုစုပေါင်း ၃၀၀၀၀ ကျော်ရှိပြီး တချို့က ပညာတော်သင်၊ တချို့က စီးပွားရေးနဲ့ အများစုက အလုပ်သမားအနေနဲ့ သွားရောက်နေထိုင်လုပ်ကိုင်နေကြကာ စစ်ဖြစ်နေတဲ့ဇုန်ထဲမှာ ၅၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါလူတွေထဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာသူတွေလည်းရှိကြောင်း၊ အစိုးရအနေနဲ့ စစ်ဘေးအန္တရာယ်နဲ့မကင်းတဲ့‌ဒေသက မိမိနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်ပျံ ၂ စီး အဆင်သင့်ပြင်ထားပြီး လောလောဆယ်အခြေအနေအရ လေယာဉ်မဆင်းသက်နိုင်သေးပေမဲ့ လာမယ့် အောက်တိုဘာ ၁၂ ရက်မှာ  ပထမအကြိမ် သွားကြိုနိုင်မယ်၊ အောက်တိုဘာ ၁၉ မှာ ဒုတိယအကြိမ် ထပ်သွားကြိုမယ်၊ အမိမြေ ပြန်လာလိုသူ ထိုင်းနိုင်ငံသား ၃၀၀၀ ကျော်ရှိပြီး ၁၀၀ ကျော်ကတော့ အဲဒီမှာဆက်ပြီး နေထိုင်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

အသက်ဘေးမှ လွတ်မြောက်လာသူ ထိုင်းအလုပ်သမား ၁ ဦးပြောပြချက်အရ သူဟာ အဲဒီမှာ စိုက်ပျိုးရေးလုပ်ငန်းသွားရောက်လုပ်ကိုင်နေပြီး အခင်းဖြစ်တဲ့မနက်က အိမ်သာသွားနေစဉ် အပြင် ဘက်ကနေ ပစ်ခတ်သံတွေကြားရကြောင်း၊  အဲဒီနောက် ကျည်ဆန်တွေက အိမ်သာရဲ့နံရံကိုပါ ထိုးဖောက်လာပြီး သူ့ရဲ့ခြေထောက်ကို ထိမှန်သွားတယ်၊ အခု ဆေးရုံမှာ တက်ရောက်ကုသနေပြီး ဒဏ်ရာသက်သာနေပြီလို့ ပြောပါတယ်။

အစ္စရေးနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ အများဆုံး သွားရောက်လုပ်ကိုင်သူတွေမှာ ထိုင်းအရှေ့ မြောက်ပိုင်း အီဆန်ဒေသက ဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျစေဖို့ စိတ်ကျန်းမာရေးဌာနက စကားဝိုင်းတွေစီစဉ်ကာ သတင်းအချက်အလက် ဆွေးနွေးဖလှယ်မှုတွေ လုပ်ပေးနေပါတယ်။

အစ္စ‌ရေးနိုင်ငံထဲက တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ အများအပြားထိခိုက်ဒဏ်ရာရတာဟာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်လို့  ရှုတ်ချတဲ့အကြောင်း ၊ ပြည်သူအားလုံး ဘေးကင်းစေဖို့ ဆန္ဒပြုပြီး အစ္စရေးနိုင်ငံအနေနဲ့ အခြေအနေပုံမှန်ပြန်ရောက်နိုင်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

Source: Thairath

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013