DVB Logo
Home
မြန်မာသတင်း
ကလေးမြို့၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရွာမီးရှို့ ၊ ကန့်ဘလူတွင် တိုက်ပွဲပြင်းထန်
DVB
·
October 9, 2023
ကလေးမြို့၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရွာမီးရှို့ ၊ ကန့်ဘလူတွင် တိုက်ပွဲပြင်းထန်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ က‌လေးမြို့အ‌နောက်တောင်ဘက် စက္ကန့်ရွာကို စစ်ကောင်စီက အောက်တိုဘာ ၉ ရက် ဒီနေ့မနက်ပိုင်းအထိ မီးရှို့နေပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦး ကျဆုံးထားကာ CDF-KKG ဘက်က တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-KKG ထံက သိရပါတယ်။

အောက်တိုဘာ ၇ ရက်က စစ်ကောင်စီတပ်သားတွေ မွှန်ထာဘက်ကနေ စက္ကန့်ရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ရာကနေ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

CDF-KKG တာဝန်ခံက “အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက် ၂ ရက်တိုက်ပွဲ‌ပေါ့နော်။ ကျနော်တို့ဘက်က KKG ရဲဘော်တယောက်နဲ့ CNDF ရဲဘော်တယောက် အပြင်းအထန် ဒဏ်ရာရတယ်။ သူတို့ဘက်ကလည်း ၃ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်နေတုန်း စစ်တပ်ဘက်က ရွာကိုမီးရှို့တယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကြောင့် စက္ကန့်ရွာ အပါအဝင် ရှားတောရွာ၊ မြို့လှရွာနဲ့ အင်ဒိုင်းကုန်းကျေးရွာက ဒေသခံထောင်ချီ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရပါတယ်။

စစ်ကြောင်းကြောင့် ကျေးရွာကနေ တိမ်းရှောင်ဖို့ ပြင်ဆင်နေတဲ့ စက္ကန့်ရွာက ဒေသခံ‌‌ မြေးအဘွား ၂ ယောက်ကိုလည်း စစ်ကောင်စီက ပစ်သတ်ကာ ရုပ်အ‌လောင်းနဲ့ ဆိုင်ကယ်ကိုပါ မီးရှို့ဖျက်ဆီးထားခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်ကလည်း စစ်ကောင်စီက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စက္ကန့်ကျေးရွာက ဒေသခံနေအိမ် ၈၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလည်း ငှက်ပျောတိုင်းရွာအနီး စစ်ကောင်စီအထိုင်ချထားရာ ဓာတ်အားခွဲရုံ ၂ စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့ အောက်တိုဘာ ၉ ရက် မနက်က ဝင်ရောက်စီးနင်းရာက တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဓာတ်အားခွဲရုံမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက် အထိုင်ချထားပြီး ကန့်ဘလူ-ကောလင်း ကားလမ်းပေါ်သွားတဲ့ ခရီသည်ကားတွေကို ငွေကြေးကောက်ခံတာတွေ ပြုလုပ်သလို ဒေသခံပြည်သူတချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ငှက်ပျောတိုင်းရွာသားတဦးက “မနက်ခင်း ၅ နာရီလောက်က စဖြစ်နေတာ။ ရွာနဲ့က သိပ်မဝေးတော့ ပစ်သံတွေကတော့ အတိုင်းသား ကြားနေရတယ်။ မနက်ခင်း ၇ နာရီလောက်ကတော့ စစ်ကောင်စီဘက်က နမခစစ်တပ်ကနေ Mi35 နဲ့ လာပစ်ခတ်သေးတယ်။ နှစ်ဖက် အသေအပျောက်ကတော့ အခုထိ ဘာမှမသိရသေးဘူးဗျ။ ကျနော်တို့ ဒေသခံတွေကတော့ စစ်ပွဲဖြစ်နေလို့ ရွာထဲမနေရဲလို့ တချို့ရွာသားတွေကတော့ တိုက်ပွဲနဲ့ဝေးရာ စစ်ရှောင်နေကြတယ်။ တချို့ကတော့ ရွာထဲမှာ နေကြတဲ့သူတွေလည်း ရှိနေသေးတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဓာတ်အားခွဲရုံမှာ တပ်စွဲထားပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကန့်ဘလူမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးနေတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးက “တိုက်ပွဲဖြစ်နေတာတော့ ဟုတ်တယ်ဗျ။ တိုက်ပွဲက မနက်ခင်း ၅ နာရီက စဖြစ်တာလည်း ဟုတ်တယ်ဗျ။ မနက်ခင်း ၇ နာရီလောက်ရောက်တော့ လေယာဉ်နဲ့ပစ်လို့ ကျနော်တို့အဖွဲ့တွေ ယာယီ နောက်ဆုတ်ထားရတယ်။ စခန်းသိမ်းနိုင်တယ်၊ မသိမ်းနိုင်တယ် ဆိုတာတော့ တိုက်ပွဲမပြီးသေးလို့ ဘာမှ အတည်ပြောလို့ မရသေးဘူး။ နှစ်ဖက်အကျအဆုံးလည်း ဘာမှမသိရသေးဘူးဗျ။ ထူးခြားတာရှိရင် ထပ်မံချိတ်ဆက်ပြောပေးပါမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၆ ရက်က ကျေးပင်အက်၊ ရွာမ၊ အင်းလယ်ကြီးရွာတွေကို စစ်ကြောင်းထိုးပြီး အင်းလယ်ကြီးရွာက အသက် ၁၅ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကာ ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013