Home
မြန်မာသတင်း
ကြည့်မြင်တိုင်ညစျေးရှိ ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဖမ်းဆီးသတ်ဖြတ်ခံရ
DVB
·
October 9, 2023

ရန်ကုန်၊ ကြည့်မြင်တိုင်ညစျေးမှာ အောက်တိုဘာ ၉ ရက် မနေ့ည ၇ နာရီခွဲဝန်းကျင်က ဖမ်းဆီးခံရတဲ့ ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးရဲ့ လက်ထိပ်ခတ်လျက်သား သေဆုံးနေတဲ့ ရု​ပ်အလောင်းကို အောက်တိုဘာ ၉ ရက် ဒီနေ့မနက် ၈ နာရီမှာ ထောက်ကြန့်လမ်းဆုံ ရန်ကုန်-ပဲခူးကားလမ်းမ ဇီးရိုးမိုင်မှာ ပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီက သားဖြစ်သူနဲ့အတူ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ ဦးမင်းဇော်ဦးကို ဟွန်ဒါအဖြူရောင်ကားပေါ်မှ အမည်မသိ အဖွဲ့အစည်းတခုက ရိုက်နှက်ဖမ်းဆီးသွားတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရပ်ဝတ်တွေနဲ့လာဖမ်းတာ၊ ကြည့်မြင်တိုင်စခန်းက ဖမ်းတယ်ဆိုလို့ စုံစမ်းကြည့်သေးတယ်။ စခန်းကဖမ်းတာမဟုတ်ဘူး။ ဒီမနက်မှ ထောက်ကြန့်မှာ အလောင်းတွေ့တယ်ဆိုပြီး သိရတာ၊ ဘယ်သူသတ်မှန်းမသိဘူး ဖြစ်နေတယ်။”

သေဆုံးသူ အမျိုးသားမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး ပါးစပ်ကို တိတ်နဲ့ပိတ်ကာ လက်ထိပ် နောက်ပြန်ခတ်လျက် လာရောက်စွန့်ပစ်ထားတာဖြစ်တယ်လို့ မင်္ဂလာဒုံရဲတပ်ဖွဲ့စခန်းနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရဲစခန်းကိုလည်း အကြောင်းကြားလို့ သွားတာ၊ လတ်တလော ပြင်ပဒဏ်ရာတော့ မတွေ့ဘူး၊ ဘယ်လိုသေလဲတော့ မသိဘူး။”

ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးမှာ ရွှေညဝါဆရာတော်ရဲ့ ဒကာတဦးဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသူတဦးလည်း ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လတ်တလောမှာ ဦးမင်းဇော်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအဖွဲ့၊ စရဖအဖွဲ့နဲ့ ရဲတွေ လာရောက်စစ်ဆေးနေတာတွေ ပြုလုပ်ပေမဲ့ ထူးခြားမှုတစုံတရာ မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024