DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ၊ ပေါက်နှင့် မြိုင်မြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
October 9, 2023
ဂန့်ဂေါ၊ ပေါက်နှင့် မြိုင်မြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေ များခဲ့တယ်လို့ CDF-KKG ထံက သိရပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၈ နာရီဝန်းကျင်က မြစ်သာဆည်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို CDF-KKG အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

CDF-KKG တာဝန်ခံက “ကျနော်တို့ KKG တပ်ရင်း-၅ က ရဲဘော်တွေက ကင်းပုန်းဝပ်သွားတာကနေ ထိတွေ့မှု ဖြစ်တာဗျ။ တိုက်ပွဲက နာရီဝက်ကျော် ကြာတယ်။ သူတို့ဘက်က ၂ ယောက်ကျတာကို မျက်မြင်တွေ့ခဲ့ရတယ်။‌ နောက်ပိုင်း သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တော်တော်ပစ်လို့ ပြန်ဆုတ်ခဲ့ရတာ။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို CDF-KKG က ၂ ရက်တာ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ပြောထားပြီး တိုက်ပွဲကြောင့် မြစ်သာဆည်အနီးက ပနန်ရွာ၊ စံပယ်ရွာနဲ့ ယင်းမာကျေးရွာက ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ မြစ်သာဆည်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်း ၃ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၉ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၇၀ လောက်ကို အောက်တိုဘာ ၅ ရက် မနက် ၆ နာရီလောက်က ပေါက်မြို့နယ် အုန်းတောရွာနားမှာ ရော့ကက် ၁၀ ဖူး၊ Drop ဗုံး ၁၀ လုံးနဲ့ မွန်းလွဲ ၁ နာရီအထိ တိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ၆၀ မမတွေနဲ့ ကောင်တာပြန်ပစ်တာကြောင့် စစ်ဘေးရှောင် ပြည်သူတွေကို ထိခိုက်မှာစိုးရိမ်လို့ တိုက်ပွဲရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေ ရောက်ရှိနေတဲ့ ယာကြီးပြင်ကျေးရွာကိုလည်း မွန်းလွဲ ၂ နာရီခွဲကနေ ညနေ ၄ နာရီ ၄၅ မိနစ်ထိ Drop ဗုံး ၂၄ လုံး၊ ရော့ကက် ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ရှားပင်ကျေးရွာဘက်ကို ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။

အုန်းတော မြောက်စုကျေးရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၆၀ လောက်ကို အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းက Drop ဗုံး ၂၄ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ယာကြီးပြင်ရွာနားမှာ ရောက်နေတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၇၀ လောက်ကို Drop ဗုံး ၂၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှာလည်း ယာကြီးပြင်ရွာက ပျူစောထီးတွေကို ရော့ကက် ၁၀ ဖူး၊ Drop ဗုံး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

“အုန်းတောကျေးရွာက ပြည်သူတွေရဲ့ ထွန်စက်တွေ၊ Chain Saw တွေကိုယူပြီး အုန်းတောတံတားနားမှာ လမ်းရှင်းနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ရော့ကက် ၁၅ လုံး၊ Drop ၁၉ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျနော်တို့ဘက်က ဒရုန်းအကြီးတစင်းနဲ့ Air2 ၂ စီး ပျက်စီးဆုံးရှုံးခဲ့တယ်။”

အဲဒီနောက် တံတားနားကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မနက် ၉ နာရီခွဲလောက်မှာ ရိုင်ဖယ်နဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၉ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ဗိုလ်တစ္ဆေအဖွဲ့နဲ့ ပေါက်ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့မှာလည်း အောက်တိုဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဘန်ကာတခု လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရလို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။

မြိုင်မြို့ အရှေ့ဘက် ပခုက္ကူဘက်အထွက်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဘန်ကာတခုကို အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဘန်ကာနားတဝိုက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Scorpion တပ်ဖွဲ့နဲ့ BBF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013