DVB Logo
Home
မြန်မာသတင်း
ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုတွင်  မြန်မာလုပ်သား ၁ ဦး ဖမ်းဝရမ်းထုတ်ခံရ 
DVB
·
October 9, 2023
ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှုတွင်  မြန်မာလုပ်သား ၁ ဦး ဖမ်းဝရမ်းထုတ်ခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဒိန်းမတ်နိုင်ငံဆိုင်ရာ အငြိမ်းစား ထိုင်းသံအမတ်ဟောင်းတယောက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား လူငယ် တယောက်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ T News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ အောက်တိုဘာ ၈ ရက်က ဘန်ကောက်မြို့၊ တုဆစ်နယ်မြေ၊ ဝိဖာဝဒီရန်းဆစ် လမ်း ၂၀  အဆင့်မြင့်အိမ်ရာရှိ ၃ ထပ်တိုက်တလုံးမှာ တံခါးတွေပိတ်ထားပြီး အပုပ်နံ့တွေ ထွက်နေကြောင်း အိမ်နီးနားချင်းတွေက အိမ်ရာတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။

အိမ်ရာတာဝန်ရှိသူက ဆူထိခန်နယ်မြေရဲစခန်းကို အကြောင်းကြားပြီး ရဲတွေနဲ့အတူ အဆိုပါအိမ်ကို သွားရောက်စစ်ဆေးရာမှာ ဒုတိယထပ် အိမ်သာထဲမှာ ကတ်ထူသေတ္တာတွေနဲ့ ဖုံးထားတဲ့ သံအမတ်ဟောင်းရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူမှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားထိုင်းသံအမတ်ကြီး နိုင်းဝိချစ် ချိတ်ဝိမန် (အသက် ၆၃ နှစ်)ဖြစ်ပြီး ရင်ဘတ်မှာ ဓားထိုးဒဏ်ရာ ၃ ချက်ရှိကြောင်း၊ သေဆုံးတာ တပတ်ခန့်ရှိသွားပြီလို့ ယူဆရကြောင်း ဆူထိခန်နယ်မြေရဲမှူးကြီး နုပ်ဖဆင် ဖွန်းဆဝပ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အိမ်အောက်ထပ်မှာ သွေးစွန်းနေတဲ့ မီးဖိုချောင်သုံးဓား ၂ လက် တွေ့ပြီး ခြေရာတွေအရ သေဆုံးသူဟာ ခုခံရင်ဆိုင်ရင်း အပေါ်ထပ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ဟန် တူတယ်လို့ ဆိုပါတယ်။

အိမ်ထဲမှာလည်း ပစ္စည်းတွေ မွှေနှောက်ရှာဖွေခံထားရတဲ့အတွက် လူသတ်သမားဟာ သေသူရဲ့ ပစ္စည်းဥစ္စာတွေ လိုချင်လို့ လုပ်ခဲ့ဟန်တူကြောင်း၊ တံခါးနဲ့ ပြတင်းပေါက် ဖျက်ဆီးရာတွေ မရှိတဲ့အတွက် အိမ်ရှင်က ယုံကြည်စွာ ခေါ်ဝင်ခဲ့ဟန်ရှိတယ်လို့ ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သံအမတ်ကြီးဟာ အရင်က ကွန်ဒိုတိုက်ခန်းတခုမှာ နေထိုင်ပြီး အဲဒီအိမ်ကို ပြီးခဲ့တဲ့ လဆန်းပိုင်းကမှ ပြောင်းရွှေ့နေထိုင်ကြောင်း၊ ဆောက်လုပ်ရေးသမားတွေခေါ်ပြီး အိမ်ကို ပြင်ဆင်မွမ်းမံတာတွေရှိတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သေဆုံးသူနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာရဲ့ သားဖြစ်သူ အသက် ၁၇ နှစ်ရွယ်လူငယ်၊ သူ့ရဲ့အဖော် အသက် ၁၅ နှစ်အရွယ် လူငယ်တို့ကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီး မိဘအုပ်ထိန်းသူတွေပါ လိုက်သွားခဲ့ပါတယ်။

အဆိုပါလူငယ် ၂ ယောက်ကို စစ်ဆေးချက်အရ သံအမတ်သေဆုံးမှုနဲ့ ပတ်သက်၊ ချိတ်ဆက်မှုတွေ မတွေ့ရတာကြောင့် ပြန်လွှတ်ပေးလိုက်ပါတယ်။

သံအမတ်ဟောင်းမှာ စိုင်းမြတ်မိုး ဆိုသူ အသက် ၁၉ နှစ်အရွယ် မြန်မာအလုပ်သမားတဦးကို ကူဖော်လောင်ဖက်အဖြစ် ငှားရမ်းထားပြီး အဆိုပါလူငယ်မှာ ပြီးခဲ့တဲ့အပတ်ကတည်းက ပျောက်ဆုံးနေကြောင်း၊ စီစီတီဗွီကင်မရာမှာ ပြန်လည်စစ်ဆေးချက်အရ သူဟာ အဲဒီအိမ်ကနေ အငှားတက္ကစီကားတစီးနဲ့ ထွက်သွားတယ်၊ အေတီအမ်စက်တလုံးမှာ ငွေသွားထုတ်တယ်၊ အေတီအမ်ကတ်ဟာ သံအမတ်ကြီးရဲ့ကတ် ဖြစ်တယ်၊ ဒါကြောင့် သူ့ကို သံသယအရှိဆုံး ကျူးလွန်သူအဖြစ် အောက်တိုဘာ ၈ ရက်နေ့စွဲနဲ့ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီးအိမ်က အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်ပျောက်ဆုံးသွားသလဲ ဆိုတာတော့ စာရင်းအတိအကျ မရသေးကြောင်း၊ ကျူးလွန်သူမှာ အဆိုပါ မြန်မာလုပ်သားတဦးတည်း မဟုတ်ဘဲ အဲဒီထက်ပိုနိုင်တယ်၊ မြန်မာလုပ်သားနဲ့ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေ ရှိသေးပေမဲ့ တရားခံလွတ်သွားမှာစိုးလို့ အကုန်ထုတ်ပြောလို့မရကြောင်း၊ ကျူးလွန်သူမှာ ထိုင်းနိုင်ငံထဲမှာပဲ ရှိနေသေးတယ်၊ အမြန်ဆုံး ဖမ်းဆီးရမိမယ်လို့ မျှော်လင့်တယ်လို့ ရဲမှူးကြီးကပြောကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013