DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် ပစ်ခတ်မှု၌ သေဆုံးသွားသည့်မမိုးမြင့်အတွက်  နစ်နာကြေး ဘတ်ငွေ ၂ သိန်း ပေးအပ်
DVB
·
October 9, 2023
ဘန်ကောက် ပစ်ခတ်မှု၌ သေဆုံးသွားသည့်မမိုးမြင့်အတွက်  နစ်နာကြေး ဘတ်ငွေ ၂ သိန်း ပေးအပ်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှုတွင်း သေဆုံးခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား  မမိုးမြင့် အတွက် သူ့ရဲ့မိခင်ကို ထိုင်းတရားရေးဝန်ကြီးဌာနက  နစ်နာကြေးငွေ ဘတ်  ၂၀၀၀၀၀ ပေးအပ်ခဲ့ပါတယ်။ 

အောက်တိုဘာ ၈ ရက်က နွန်ထပူရီခရိုင်၊ ပတ်ကလေမြို့၊ ဖားဆုခ်မဏီးကျတ် ကျောင်းတိုက်မှာ ကျင်းပသွားတဲ့ မမိုးမြင့်ရဲ့ ဈာပန ခမ်းအနားမှာ ထိုင်းတရားရေးဝန်ကြီး ရဲမှူးချုပ် ထဝီဆွတ်ဆောင်ကိုယ်တိုင်လာရောက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်းတရားရေးဝန်ကြီးက သူ့အနေနဲ့ ထိုင်းဝန်ကြီးချုပ်ကိုယ်စား ရောက်လာခဲ့တာဖြစ်ကြောင်း၊ ထိုင်းသက္ကရာဇ် ၂၅၄၄ ခုနှစ်က ပြဋ္ဌာန်းတဲ့အက်ဥပဒေအရ ရာဇဝတ်မှုမှာ ဓားစာခံဖြစ်ခဲ့ရသူ တွေအတွက် နစ်နာကြေးတွေ လာရောက်ပေးအပ်တာဖြစ်ပြီး တခြားဌာနဆိုင်ရာအဖွဲ့တွေအနေ နဲ့လည်း နောက်ထပ်နစ်နာကြေးထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ်လို့   သေဆုံးသူရဲ့ မိခင် ဒေါ်ခင်ဝင်းကို နှစ်သိမ့်အားပေးရင်း ပြောကြားသွားပါတယ်။ 

ဒီကိစ္စဟာ ဘယ်သူမှမျှော်လင့်မထားတဲ့အကြမ်းဖက်မှုတစ်ခုဖြစ်ပြီး နောက်နောင်ထပ်မံဖြစ်ပွါး ခြင်းမရှိအောင် အစိုးရအနေနဲ့ အလေးထားပြီး ဆောင်ရွက်နေတယ်၊ နစ်နာဆုံးရှုံးခဲ့ရသူတွေ ကိုလည်း လူမျိုးဘာသာမရွေး၊ နိုင်ငံသားမရွေး တန်းတူညီမျှထောက်ပံ့ကူညီပေးနေတယ်လို့ ပြောပါတယ်။

ဆယမ်ပါရာဂွန်ကုန်တိုက်မှာ ၁၄ နှစ်ရွယ် လူငယ်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦး ၊ တရုတ်နိုင်ငံသား ၁ ဦးသေဆုံးသွားပြီး ထိုင်း ၃ ဦး၊ တရုတ် ၁ ဦး၊ လာအို ၁ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရသွားပါတယ်။

ထိုင်းတရားရေးဝန်ကြီးဌာနအနေနဲ့ သေဆုံးသူတွေအတွက် ၁ ဦးလျှင် ဘတ် ၂၀၀၀၀၀ စီ၊ ဒဏ်ရာရသူတွေအတွက် ဘတ် ၅၀၀၀၀ စီနစ်နာကြေးပေးအပ်ခဲ့ပါတယ်။ 

ဒါ့အပြင်  သေဆုံးသူတွေအတွက် အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနက တစ်ဦးလျှင် ဘတ် ၁ သန်းစီ၊ ဆယမ်ပါရာဂွန်ကုန်တိုက်ကြီးက ဘတ် ၅ သန်းစီ ပေးအပ်မယ်လို့ ကြေညာ ထားတာကြောင့် သေဆုံးသူ ၁ ဦးလျှင် ၆၂၅၀၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

မမိုးမြင့်ဟာ အလုပ်သမား ၁ ဦးအနေနဲ့ ပရကန်ဆန်ခုံးလို့ခေါ်တဲ့ လူမှုဖူလှုံရေးအာမခံပါ ပြုလုပ်ထားတာကြောင့် သူရဲ့ လုပ်သက်တွေပေါ်မူတည်ပြီး လျော်ကြေးရရှိဦးမှာဖြစ်ပါတယ်။ 

သူဟာ မိခင်ကိုရှာဖွေကျွေးမွေးနေသူဖြစ်တဲ့အတွက်ကြောင့် အားကိုးရာမဲ့သွားတဲ့ မိခင်အတွက် မမိုးမြင့်ရဲ့ အလုပ်ရှင်က လစဉ် ဘတ် ၁၀၀၀၀ ကို တစ်သက်လုံးထောက်ပံ့ပေးမယ့်အပြင် ကျူးလွန်သူရဲ့ မိဘအုပ်ထိန်းသူထံကလည်း လျော်ကြေးတွေရရှိဖို့ အမှုဖွင့်ထားပေးပါတယ်။ 

ပစ်ခတ်မှုကျူးလွန်သူ ၁၄ နှစ်သားလေးရဲ့ ဖခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့သောကြာနေ့ညက အသုဘအခမ်းအနားကိုရောက်ရှိလာပြီး မမိုးမြင့်ရဲ့ မိခင်ကို ဒူးထောက်တောင်းပန်သလို ကနဦး ထောက်ပံ့ငွေအချို့ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ မမိုးမြင့်ရဲ့ မိခင်က လက်မခံဘဲ လိမ္မာတဲ့သမီးကို ငွေကြေးဘယ်လောက်နဲ့မှ မလဲနိုင် ကြောင်း ၊  ဒီလိုငွေပေးတာမြင်တော့ ပိုပြီးခံစားရတယ် ၊ ငွေကြေးထက် တရားမျှတမှုကိုသာ အလို ရှိတယ်လို့ ပြောခဲ့ပါတယ်။

ကျူးလွန်သူရဲ့ ဖခင်ကလည်း  မမိုးမြင့်ရဲ့မိခင်ဖြစ်စေလိုတာ တောင်းဆိုတဲ့အရာတွေအကုန်လုံး ကျေနပ်သည်ထိဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ 

သေဆုံးသူမမိုးမြင့်ရဲ့အလောင်းကို မနေ့ နေ့ခင်း ၁ နာရီက မီးသင်္ဂြိုဟ်ခဲ့ပြီး ကျူးလွန်သူရဲ့ မိဘ အုပ်ထိန်းသူတွေကတော့ ရောက်မလာခဲ့ပါဘူး။ 

ကျူးလွန်သူ ထိုင်းလူငယ်ကတော့ လူသတ်မှု ၊ လက်နက်မှုဆိုင်ရာ ပုဒ်မ ၅ ခုနဲ့တရားစွဲခံထားရပြီး ပြစ်ဒဏ်မှာ သေဒဏ်အထိကျခံရမှာဖြစ်ပါတယ်။ 

ဒါပေမဲ့ သူဟာ အသက်မပြည့်သေးတဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် အမှုကိုထပ်မံစိစစ်ဦးမှာဖြစ်ပြီး လောလောဆယ်တော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးဂေဟာမှာ ထိန်းချုပ်ခံထားရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းက ဆယမ်ပါရာဂွန်ကုန်တိုက်မှာ ဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်မှုကြောင့် ကျန်းမာရေးဌာန၊ ပြည်ထဲရေးဌာန၊ ရဲတပ်ဖွဲ့ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဌာန၊ ကုန်သွယ်ရေး ( ကုန်တိုက်များ )၊ ခရီးသွားဝန်ကြီးဌာနအစရှိတဲ့ ဌာနတွေအတွင်း ရိုက်ခတ်ခဲ့ပြီး  စည်းကမ်းဥပဒေတွေ ပြုပြင်ချမှတ် တင်းကျပ်တာတွေ ရှိလာပါတယ်။ 

SOURCE- THAIRATH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013