DVB Logo
Home
မြန်မာသတင်း
ပဲခူး ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်၊ MPT တာဝါတိုင် ရေမြုပ်သဖြင့် ဖုန်းလိုင်းများ ပြတ်နေ
DVB
·
October 9, 2023
ပဲခူး ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်၊ MPT တာဝါတိုင် ရေမြုပ်သဖြင့် ဖုန်းလိုင်းများ ပြတ်နေ
Donate to DVB

ပဲခူးမြို့မှာ အောက်တိုဘာ ၆ ရက်ကစပြီး  မိုးသည်းထန်စွာရွာသွန်းလို့  မြို့ပေါ် ရပ်ကွက် အများစု ရေကြီးနေကာ ဒေသခံတွေ  နေထိုင်စားသောက်ရေး အခက်ကြုံနေရတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့  ပဲခူးမြို့ခံတွေက  ပြောပါတယ်။

ကလျာဏီ၊ ဇိုင်းဂနိုင်း(တောင်)၊ ဇိုင်းဂနိုင်း(မြောက်)၊ အဝေးပြေးဟောင်း၊ ကျွန်းသာယာ၊ မဇင်း၊ ပုဏ္ဏားစု၊ ကျောက်ကြီးစု၊ ကျောက်တွင်းကုန်း၊ မြို့သစ်(ဂ)၊ ရွာသစ်၊ ဥဿာ(၇)၊ ဥဿာ(၂)၊ ဥဿာ(၉) စတဲ့ ရပ်ကွက် ၂၀ ကျော်မှာ ရေကြီးနေတာ  ဖြစ်ပါတယ်။ 

ပဲခူးမြို့မှာ  လက်ရှိအချိန်ထိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၂ ခုဖွင့်လှစ်ထားပြီး  ရေဘေးရှာင် ပြည်သူ  ၅၀၀၀ ကျော်ရှိနေတဲ့အပြင် ရပ်ကွက်အတွင်း ကျန်ရှိနေသူသူတွေလည်း စားရေး သောက်ရေးအတွက်အခက်ခဲရှိနေ‌တယ်လို့ ရေဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ရွာသစ်ရပ်ကွက်နေသူတစ်ဦးက "မိုးလေဝသနဲ့ ဇလဗေဒ ကတော့နောက် သုံးပေ ထပ်တက်ဦးမယ်ပြောတယ်။ အရင် ဩဂုတ်လဆန်းပိုင်း ရေကြီးတာထက် ဒီတစ်ခေါက် ရေကြီးတာက ပိုဆိုးပါတယ်။ အပြင်ထွက်ဖို့လည်း လုံးဝအဆင်မပြေပါဘူး။ ဆိုင်ကယ်တွေ သွားလို့မရတော့လို့ လှေနဲ့သွားနေရပါတယ်။ ကယ်ဆယ်ရေးစခန်းအပြင် ကျောင်းတွေမှာ လည်း အကုန်ပြည့်နေပါပြီ"လို့ ပြောပါတယ်။

အိမ်အနိမ့်တွေ ရေမြုပ်နေလို့ ​အိမ်အမြင့်တွေပေါ်မှာ မိသားစု ၃ စု လောက် ပေါင်းနေကြရကာ မီသားစုတွေ ရေအခက်အခဲ၊ မီးအခက်အခဲနဲ့ ချက်ပြုတ်စားသောက်ဖို့ အခက်ခဲဖြစ်နေပါတယ်။

ကလျာဏီ ၄ ရပ်ကွက်နေသူတစ်ဦးက  “ရပ်ကွက်ထဲမှာ ရေစတက်ကတည်းက ထရန်စဖော်မာ မြုပ်သွားတော့ မီးမလာတော့ဘူး၊ မီးသွေး၊ ထင်းနဲ့ချက်ဖို့တော့လည်း အဆင်မပြေပါဘူး။ မိုးကမတိတ်တော့လေ။ ကန်တွေအကုန်‌ ရေမြုပ်ကုန်တော့ သောက်ရေသုံးရေလည်း အတော်ဒုက္ခရောက်နေပါတယ်၊ အစ်မတို့ အိမ်ကတော့ နည်းနည်းမြင့်တော့ အခုနေလို့ရ နေသေးတယ်။ မိုးဒီအတိုင်း ဆက်ရွာနေမယ်ဆိုရင်တော့ အစ်မတို့ လည်း ဘယ်နားသွားနေရမလဲ မသိတော့ပါဘူး၊ နည်းနည်းနိမ့်တဲ့အခြမ်းဆိုရင် အခုလူတစ်ရပ် မြုပ်နေပြီ။ လှေလည်း မရှိကြတော့ ဘောကွင်းလေးတွေနဲ့ သွားနေရတာပါ။ အခုဆို ဘာဈေးသည်မှလည်း မလာတော့ဘူး။ အိမ်မှာရှိတဲ့ကြက်ဥ၊ ဘဲဥတွေပဲစားနေရတာ။ ကုန်ရင်တော့ စားစရာမရှိတော့ဘူး။ လာလှူ တဲ့သူရှိရင်တော့ ကောင်းတာပေါ့။ အခုဟာက ရပ်ကွက်ထဲမှာ လက်လုပ်လက်စားတွေ များတော့  အလုပ်လည်းသွားလို့မရကြတော့ဘူး။ စက်ရုံဆင်းတဲ့သူတွေလည်း  လုပ်မသွားရတော့ဘူး"လို့  ပြောပါတယ်။

ဒါ့အပြင် ပဲခူးမြို့ကယ်ဆယ်ရေးစခန်း တချို့မှာလည်းစားသာက်ရေး အခက်ခဲရှိနေပြီး အလှူရှင်မရောက်သေးတဲ့ ကယ်ဆယ်ရေးစခန်းတွေလည်း ရှိနေပါတယ်။

ပဲခူးမြို့ ဥဿလူငယ်သွေးနှင့် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက ''ရေကြီးတာကတော့ တမြို့လုံးနီးနီးပါပဲ။ တခါမှ မကြုံဖူးအောင်ကြီးတဲ့ရေပါ။ ကယ်ဆယ်ရေးစခန်းတွေကိုလည်း နေရာအနှံ့မှာတော့ အခုဖွင့်နေကြပါပြီ၊ တချို့စခန်းတွေမှာ စားသောက်ဖို့တောင် အဆင်မပြေကြပါဘူး။ အလှူရှင်မရောက်တဲ့စခန်းတွေတောင်ရှိနေပါတယ်”လို့ ပြောပါတယ်။

ပဲခူးမြို့မှာရှိတဲ့  MPT တာဝါတိုင် ရေမြုပ်သွားလို့  ပဲခူး ၊ မွန်၊ ကရင်နဲ့ တနင်္သာရီမှာ MPT ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့  မြန်မာ့ဆက်သွယ်ရေးဌာနကနေ သိရပါတယ်

ရေကြီးမှုကြောင့် ပဲခူးမြို့လယ်ခေါင်ရှိ ဆက်သွယ်ရေးရုံအတွင်းက MPT တာဝါတိုင်နဲ့ ဆက်သွယ်ရေးထိန်းချုပ်ပစ္စည်းတွေ ရေနစ်မြုပ်ခဲ့လို့  ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့တာလို့ ဆိုပါတယ်။

ပဲခူးမြို့ဟာ အခုနှစ်အတွင်း ရေကြီးမှု လေးကြိမ်ဖြစ်ပွားခဲံတာဖြစ်ပြီး လက်ရှိ  ပဲခူးမြို့ရဲ့မြစ်ရေဟာ ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်အထက် ကျော်နေတာကြောင့် ပဲခူးမြို့အတွင်း မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းနားမှာနေထိုင်သူတွေကို ပြောင်း‌ရွှေ့နေထိုင်ကြ မိုးလေဝသနဲ့ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013