DVB Logo
Home
မြန်မာသတင်း
အင်တာနက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာ
DVB
·
October 9, 2023
အင်တာနက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာ
Donate to DVB

အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ နွေဦးတော်လှန်​ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ​ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူအရေအတွက်ဟာ ၁,၃၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီကနေ အခုနှစ် စက်တင်ဘာလကုန်အထိ ကောက်ယူရရှိထားတဲ့ စာရင်း တွေအရ ခုလိုဖော်ပြလိုက်တာဖြစ်ပြီးတော့ ဖမ်းဆီးခံရသူတွေထဲမှာတော့ ဖေ့စ်ဘွတ်ခ်အ သုံးပြုသူတွေက အများစုဖြစ်ပြီး တစ်တော့ခ်နဲ့ တယ်လီဂရမ်အသုံးပြုသူတချို့လည်း ပါဝင်နေ တယ်လို့ ဆိုပါတယ်။

အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှု တွေကြောင့် အဖမ်းခံရသူအရေအတွက်ဟာ လစဉ် ပျမ်းမျှ ၆၅  ယောက်လောက်ထိ ရှိနေပြီး ၂၀၂၂ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေမှာတော့ လစဉ်လူ ၁၀၀ ကျော် ဖမ်းဆီးခဲ့ကာ ၄ လအတွင်း လူ ၅၀၀ အဖမ်းခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။ အဖမ်းခံရသူအားလုံးထဲက ထက်ဝက်နီးပါးကတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့ကဖြစ်ပြီး လူ ၆၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နဲ့ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီက သူတို့ကို အမှန်တကယ် ဖမ်းဆီး ထောင်ချခြင်းရှိမရှိ၊ ပြန်လည်လွတ်မြောက်မှု ရှိမရှိနဲ့  နောက်ဆုံးအခြေအနေ စတဲ့ တဦးချင်း အသေးစိတ်အချက်အလက်တွေကိုတော့ Data for Myanmar အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ခုထုတ်ပြန်လိုက်တဲ့ အဖမ်းအဆီး အချက်အလက်တွေကိုတော့ နေ့စဉ်သတင်းစာတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး စုစည်းထားတာလို့ ဆိုပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ အင်တာနက်လွတ်လပ်ခွင့် တကမ္ဘာလုံးအတိုင်းအတာနဲ့  လျော့ကျဆုံးရှုံးလာနေတာ အခု  ၂၀၂၃ ခုနှစ်မှာ ၁၃ နှစ်ဆက်တိုက်ရှိလာပြီး အင်တာနက်လွတ်လပ်မှု ဖိနှိပ်ထိန်းချုပ်ခံရတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်ဟာ အဆိုးဆုံးအဖြစ် ၉ နှစ်ဆက်တိုက် နေရာယူခဲ့သလို မြန်မာကလည်း ဒုတိယနေရာက ဆက်ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာစစ်တပ်ဟာ အင်တာနက်သုံးရတာ လွတ်လပ်မှုမရှိအောင် လုပ်ဆောင်ခဲ့သလို၊ သတင်းမှားတွေ ဖြန့်တာတွေ၊ အင်တာနက် ချိတ်ဆက်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူဦးရေ သိသိသာသာ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကြား သတင်းအချက်အလက် ပေးပို့ ဖြန့်ဖြူးနိုင်ခြင်းမရှိစေရေးအတွက် ဒေသအလိုက် ကာလတို အင်တာနက်ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မြန်မာပြည်မှာ သာမန်အရပ်သားတွေ သန်းနဲ့ချီပြီး အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ နောက်ဆုံးထုတ်ပြန် ချက်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၄၂ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၂၅,၂၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013