DVB Logo
Home
မြန်မာသတင်း
ငမိုးရိပ်‌တမံရေပိုလွှဲ ၄ ပေအထိ ရေကျော်ပြီး လှည်းကူးတွင် ရေကြီး
DVB
·
October 8, 2023
ငမိုးရိပ်‌တမံရေပိုလွှဲ ၄ ပေအထိ ရေကျော်ပြီး လှည်းကူးတွင် ရေကြီး
1 / 2
Donate to DVB

ရန်ကုန်၊ လှည်းကူးမြို့နယ်က ငမိုးရိပ်ရေလှောင်တမံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရေပြည့်မှတ်ထက်ကျော်နေပြီး ဒီနေ့ အောက်တိုဘာ ၈ ရက် မနက်က စတင်လို့ ရေပိုလွှဲ‌ကနေ ၄ ပေအထိ ရေကျော်ခဲ့တာကြောင့် မြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငမိုးရိပ်တမံနဲ့ ပတ်ဝန်းကျင်က ရေကူတမံတွေမှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒီနှစ်ဟာ မိုးရေချိန်နဲ့ ရေမှတ်အမြင့်ဆုံးကိုရောက်လာခဲ့တာပါ။

ငမိုးရိပ်တမံက စီးလာတဲ့ချောင်းရေဟာ လှည်းကူးမြို့နယ်ကို မြောက်ကနေ တောင်အထိ ဖြတ်သန်းစီးဆင်းသွားတာကြောင့် ချောင်းရိုးအနီးရှိ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရိပ်သာ၊ အောင်မင်္ဂလာ၊ မြို့မ၊ ပြည်တော်သာ၊ ဈေးကြီးရပ်ကွက်တွေနဲ့ ဖောင်ကြီးဘက်က ရွာတွေမှာပါ ရေကြီးနေပြီး ရိပ်သာရပ်ကွက်က စာသင်ကျောင်းနဲ့ ရန်ကင်း စာသင်ကျောင်းပါ ပိတ်ထားရပါတယ်။

ငမိုးရိပ်တမံရေပြည့်အမှတ်ဟာ ၁၀၇ ပေဖြစ်ပြီး မိုးဆက်တိုက်ရွာနေခဲ့တာကြောင့် မိုးရေချိန် ၄ ဒသမ ၉၇ လက်မတိုးခဲ့ရာကနေ အောက်တိုဘာ ၈ ရက်နေ့မှာ တမံရေအမှတ်ဟာ ၁၁၁ ပေအထိ ရောက်ရှိသွားပြီး ရေပိုလွှဲကနေ ၄ ပေအထိ ရေကျော်သွားတာလို့ ငမိုးရိပ်ရေလှောင်တမံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြို့ခံကယ်ဆယ်‌ရေးအသင်းဝင်တယောက်က “လောလောဆယ်က မြို့ပေါ် ၅ ရပ်ကွက်နဲ့ ဖောင်ကြီး၊ ကြို့ကုန်းစတာတွေမှာ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ မိုးတော်တော်ရွာတယ်။ အောက်ရေကမဆင်းဘဲ ထောက်နေတယ်။ ဒါကြောင့် ရေကြီးတာ။ လေဖြတ်လူနာ ၁ ဦးကိုတော့ ရေနဲ့ မလွတ်လို့ ရွေ့ပြောင်းပေးရတာ ရှိပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ ရေက လူကြီး ခါးဝက်လောက်ရှိတယ်။ ချောင်းနဲ့နီးတဲ့ တချို့နေရာတွေမှာ ရင်ခေါင်းလောက် ရှိပါတယ်။ ရိုးတို့ ချောင်းတို့နဲ့နီးတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးတာပါ” လို့ ပြောပါတယ်။

လှည်းကူးမြို့နယ်က ရပ်ကွက်တွေထဲကို မနက်ပိုင်းက စတင်ပြီး ၃ ပေလောက်အထိ ရေတက်လာခဲ့တာကြောင့် ရေဘေးစိုးရိမ်ရတဲ့ အိမ်ထောင်စုတွေကို လှည်းကူး ဘောလုံးကွင်းက အားကစားရုံနဲ့ ရေဘေးလွတ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့က နေရာချပေးထားပြီး လေဖြတ်ဝေဒနာခံစားနေရတဲ့ အမျိုးသမီး ၂ ယောက်ကိုတော့ ဘေးလွတ်ရာ ပို့ဆောင်ပေးထားတယ်။

ရွှေ့ပြောင်းပေး‌ရတဲ့ အိမ်ထောင်စုဦးရေကို သက်ဆိုင်ရာအဖွဲ့တွေက စာရင်းကောက်နေဆဲ ဖြစ်တယ်လို့သိရပြီး အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေနဲ့ စားသောက်ကုန်၊ သော‌က်ရေသန့်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း လှည်းကူးမြို့နယ်မှာ ရေကြီးခဲ့ပြီး လူ ၃၅၀ ကျော်ကို မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ရေဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013