
ဆီးရီးယားဆီကနေ အစ္စရေးက သိမ်းယူထားတဲ့ ဂိုလန်ကုန်းမြင့်နဲ့ လက်ဘနွန်-ဆီးရီးယား နယ်စပ်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရှဘားဖာမ်းစ်ဒေသမှာရှိတဲ့ အစ္စရေးစစ်ဘက်နေရာ ၃ ခုကို လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာတွေက အောက်တိုဘာ ၈ ရက်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းကို အမြောက်တွေနဲ့ ပိတ်ဆို့ပစ်ခတ်ခဲ့ပါတယ်။ အသေအပျောက် သတင်းတွေ ချက်ချင်းမရသေးပါဘူး။
အီရန်ကျောထောက်နောက်ခံ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာက ပါလက်စတိုင်းပြည်သူတွေနဲ့ ပေါင်းစည်းပြီး ရှဘားဖှမ်းစ်ဒေသက အစ္စရေးစခန်းသုံးခုကို ပဲ့ထိန်းဒုံးကျည်တွေ အမြောက်တွေနဲ့ ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီး မော်တာနဲ့ လှမ်းပစ်တဲ့ လက်ဘနွန်ဧရိယာထဲကို အမြောက်တွေနဲ့ တုန့်ပြန်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) ရဲ့ အမြောက်တပ်က လက်ဘနွန်ကနေ အစ္စရေးဆီ ပစ်ခဲ့တဲ့ နေရာကို အခုထိ ပြန်ပစ်နေပြီလို့ ပြောပါတယ်။
ရှဘားဒေသ ဟာဒဗ်ဧရိယာက ဟဇ်ဘိုလာ စခန်း တခုကို အစ္စရေး ဒရုန်းတစ်စင်း က တိုက်ခိုက် ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ ၁၉၆၇ ခုနှစ်ကတည်းက ၁၅ စတုရန်းမိုင် ကျယ်တဲ့ ရှဘားဖှမ်းစ်မြေကို သိမ်းယူ ပိုင်ဆိုင်ခဲ့တာပါ။
ရှဘားဖှမ်းစ်မှာ နေထိုင်သူတွေဟာ လက်ဘနွန်လူမျိုးတွေလို့ ဆီးရီးယားနဲ့ လက်ဘနွန်နှစ် နိုင်ငံစလုံး က ဆိုကြပါတယ်။
အစ္စရေးမြို့တွေကို ပါလက်စတိုင်း သေနတ်သမားတွေက အလစ် စီးနင်း တိုက်ခိုက်ပြီးတဲ့နောက် တရက်အကြာ အစ္စရေး - ဂါဇာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုမှာ အစ္စရေးနိုင်ငံသား ၃၅၀ ထက် မနည်း သေဆုံး ခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
နောက်ထပ် ဂါဇန်ဒေသခံ ၃၁၃ ယောက် သေဆုံးပြီး အယောက် ၂၀၀၀ ကျော် ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters











