DVB Logo
Home
မြန်မာသတင်း
အမြန်လမ်း၊ ဘုရားကြီးလမ်းပိုင်း ရေလျှံပြီး ကားများပိတ်မိ
DVB
·
October 8, 2023
အမြန်လမ်း၊ ဘုရားကြီးလမ်းပိုင်း ရေလျှံပြီး ကားများပိတ်မိ
Donate to DVB

ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး‌ရှိ မိုင်တိုင်အမှတ် ၃၉ မီနီတိုးဂိတ်လမ်းပိုင်းနဲ့ ဘုရားကြီးသွားလမ်းပိုင်းမှာ အောက်တိုဘာ ၈ ရက် ဒီမနက်ပိုင်းက ပဲခူးရိုးမမိုးရေကြောင့် ရေလျှံခဲ့ပြီး ခရီးသွားကားတွေ ပိတ်မိနေတယ်လို့ ဘောနတ်ကြီးအမြန်လမ်းမီးသတ်က ပြောပါတယ်။

ဒီမနက် ၆ နာရီလောက်ကစလို့ ရေလျှံခဲ့တာဖြစ်ပြီး ရေထပ်တိုးလာနေသလို ပဲခူးမှာ အောက်တိုဘာ ၆ ရက်နေ့ကတည်းက ပဲခူးမှာ မိုးသည်းထန်စွာရွာနေခဲ့တာ ဖြစ်ပါတယ်။

ရေလျှံနေတဲ့ အမြန်လမ်းကနေ ဘုရားကြီးသွားတဲ့လမ်းပိုင်းဟာ ရန်ကုန်ကနေ ကျိုက်ထို၊ ဘားအံ၊ မော်လမြိုင်နဲ့ ‌မြဝတီမြို့နယ်တို့ကို သွားရတဲ့ ခရီးသည်တင်ယာဉ်ကြီး ယာဉ်ငယ်၊ ကုန်တင်ယာဉ်နဲ့ အိမ်စီးကားတွေ ဖြတ်သန်းသွားလာရတဲ့ အဓိကလမ်းဖြစ်ပါတယ်။

ဘောနတ်ကြီး အမြန်လမ်းမီးသတ်တာဝန်ရှိသူတယောက်က “ပဲခူးရိုးမဘက်ကနေ စီးလာတဲ့ ရေတွေကြောင့်ပဲ ဖြစ်တာပါ။ အခြားဆည်တွေ ဘာတွေ ကျိုးပေါက်မှု မရှိပါဘူး၊ အခု ရေလျှံတဲ့လမ်းပိုင်းက အမြန်လမ်းကနေ ပဲခူး ဘုရားကြီးမြို့ဘက်သွားတဲ့ နေရာပါ။ ရန်ကုန်ကနေ ကျိုက်ထို၊ မော်လမြိုင်၊ မြဝတီအထိ သွားရတဲ့လမ်း။ ခရီးသည်တင်ကားတွေ၊ အိမ်စီးယာဉ်ငယ်တွေ အသွားအလာများပါတယ်၊ နေ့လယ် ၁၂ နာရီမှာ ထပ်တိုင်းတာတော့ ၂ ပေကနေ နောက်ထပ် ၆ လက်မအထိ ရေတိုးလာပါတယ်” လို့ ဆိုပါတယ်။

ရေတက်လာတာကြောင့် ဆောက်လုပ်ရေးလမ်းဦးစီးဌာနပိုင် မီနီတိုးဂိတ် ၁ ခုနဲ့ အနီးအနားက အဆောက်အဦတွေ၊ စားသောက်ဆိုင်နေရာတချို့မှာ ရေဝင်ရောက်လို့ ပြောင်းရွှေ့နေကြရပြီး လမ်းအသုံးပြုနေရတဲ့ အိမ်စီးကားနဲ့ ခရီးသည်တင်ယာဉ်ငယ်တွေ ပိတ်မိနေပါတယ်။

ဒီမနက် ၉ နာရီ တိုင်းထွာချက်အရ အမြန်လမ်းမပေါ်မှာ ၂ ပေလောက်အထိ ရေကျော်နေခဲ့ပြီး နေ့လယ် ၁၂ နာရီမှာ ၂ ပေ ၆ လက်မအထိ ဖြစ်လာပြီး မိုးဆက်လက် ရွာနေရင် ရေထပ်တက်လာနိုင်တယ်လို့ သိရပါတယ်။

လမ်းပေါ်ရေလျှံနေတဲ့နေရာမှာ ဘောနတ်ကြီး အမြန်လမ်းနယ်မြေမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ၊ မီးသတ်တပ်ဖွဲ့နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့တို့က ပူးပေါင်းကူညီနေကြပြီး ရေကြီးလို့ ရပ်ထားရတဲ့ကားလေးတွေကို ကားကြီးတွေနဲ့ ဆွဲခေါ်တာ၊ လူအားသုံး တွန်းပို့တာတွေ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ ၈ ရက် ဒီမနက်ပိုင်းမှာပဲ ပဲခူးမြို့ပေါ်က ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်ရပ်ကွက်တို့မှာ ရေဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013