
အမေရိကန်စစ်တပ်ဟာ ကာရစ်ဘီယံဒေသက မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ သင်္ဘောတစင်းနဲ့ အီရန်နိုင်ငံတောင်ပိုင်းက ပစ်မှတ်တခုကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးဗီဒီယိုမှတ်တမ်းတွေကို မတ် ၂၅ ရက်မှာ အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
ပထမဗီဒီယိုဟာ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က ကာရစ်ဘီယံဒေသတလျှောက် ဖြတ်သန်း သွားလာနေတဲ့ သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွင်း လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်္ဘောဟာ လူသိများတဲ့ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းအတိုင်း မောင်းနှင်နေတာ ဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေတာကို ထောက်လှမ်းရေး သတင်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ စစ်ဌာနချုပ်က X မှာ ပို့စ်တင်ထားပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် ဗဟိုစစ်ဌာနချုပ်ကလည်း အီရန်နိုင်ငံတောင်ပိုင်း ဘန်ဒါအက်ဘာ့စ် နိုင်ငံတကာလေဆိပ်အနီးက အီရန်ပစ်မှတ် တခုကို တိုက်ခိုက်နေတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဗီဒီယိုတွေအရ အမေရိကန်စစ်တပ်ဟာ နယ်မြေ ၂ ခုစလုံးမှာ စစ်ရေးအရ တုံ့ပြန်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကို ပြသထားပါတယ်။
Source: Reuters








