
ဟားမတ်စ် စစ်ရေးတပ်မှူး မိုဟာမတ် ဒိဖ်ဟာ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုစစ်ဆင်ရေး စတင်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ကြေညာလိုက်ပါတယ်။
ဟားမတ်မီဒီယာရဲ့ ထုတ်လွှင့်မှုအတွင်း ဒီ ခေါင်းဆောင်ဖြစ်သူက နေရာတိုင်းမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ကြဖို့ ပါလက်စတိုင်းတွေကို တောင်းဆိုခဲ့ပါတယ်။
နှစ်ပေါင်းများစွာအတွင်း အစ္စရေးနိုင်ငံအပေါ် အကြီးမားဆုံးသော တိုက်ခိုက်မှု တရပ်ကို ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့က ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အစ္စရေးမြို့ငယ်အများအပြားမှာ သေနတ်သမားတွေရဲ့ ဖြတ်သန်းဝင်ရောက်လာ မှုနဲ့အတူ ဂါဇာကမ်းမြှောင်မှတဆင့် ဒုံးကျည်တွေနဲ့ တရစပ်ပစ်ခတ်မှုတို့ကို ပေါင်းစည်းပြီး ဟားမက်စ်အဖွဲ့က လျှပ်တပြက် တိုက်ခိုက်ခဲ့တာပါ။
ဂျေရုစလင်မြို့တော် အပါအဝင် အစ္စရေးတောင်ပိုင်းနဲ့ အလယ်ပိုင်းအနှံအပြားမှာပါ သတိပေးဥသြသံ တွေနဲ့အတူ တပ်လှန့်ထားတယ်လို့လည်း သိရပါတယ်။
အစ္စရေးနိုင်ငံအပေါ် စစ်ကြေညာခဲ့တာကြောင့် အီရန်ကျောထောက် နောက်ခံ ဟားမက်စ်အဖွဲ့ဟာ "အလွန်ကြီးမားတဲ့ အမှားတစ်ခုကို" ကျူးလွန်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။
အစ္စရေးစစ်တပ်ကတော့ စစ်ပွဲအတွက်အသင့်ဖြစ်နေပြီး ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ၁၀ ရက်တာစစ်ပွဲအတွင်း အစ္စရေးနဲ့ဟားမက်စ်တို့အကြား အပြင်းအထန် တိုက်ခိုက်မှုက နောက်ဆုံးဖြစ်ပါတယ်။
Source/Photo-Reuters










