DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ကန့်သတ်ကာလ ငါးသလောက်ဖမ်းဆီးပါက အရေးယူသွားမည်
DVB
·
October 8, 2023
ဧရာဝတီတိုင်း၌ ကန့်သတ်ကာလ ငါးသလောက်ဖမ်းဆီးပါက အရေးယူသွားမည်
Donate to DVB

ဧရာဝတီတိုင်းအတွင်း မြစ်ကြောင်း  ၄ ခုမှာ ကန့်သတ်ကာလဖြစ်တဲ့ အောက်တိုဘာ ၁၅ ရက် အထိ ငါးသလောက်ဖမ်းဆီးသူတွေကို အရေးယူသွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ  သိရပါတယ်။

ဧရာဝတီတိုင်းမှာ မြစ်ပေါက်‌ကြီး ၉ ပေါက်ရှိပေမဲ့ ငါးသလောက်အတက်ဆုံးဖြစ်တဲ့ ဘို‌ကလေးမြစ်ကြောင်း၊ တိုးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနဲ့ ရွေးမြစ်ကြောင်းတို့ကိုသာ ငါးသလောက်ထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးဖို့တားမြစ်ထားတာဖြစ်တယ်လို့  ငါးလုပ်ငန်းဦးစီးဌာနရှိ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ငါးသလောက် သားပေါက်‌တဲ့ကာလဖြစ်လို့ ဖမ်းခွင့်ပိတ်ထားတာပါ။ စစဖမ်းခွင့်ပိတ်ကတည်းက ခိုးဖမ်းတဲ့သူတွေရှိတယ်။ မသိကြလို့ ဖြစ်မှာပါဆိုပြီး ကန့်သတ်ကာလအတွင်း မ‌ဖမ်းဖို့ပြောပြပြီး ပြန်လွှတ်လိုက်တယ်။ နောက်ပိုင်းဆက်တိုက်တွေဖြစ်လာလို့ စာထုတ်ထားတဲ့အတိုင်း ငါးလုပ်ငန်းဥပဒေတွေနဲ့ အရေးယူနေပါတယ်။ လက်ရှိအများဆုံးအရေးယူထားတာတော့ ငွေဒဏ်ပဲရှိပါသေးတယ်။”

ငါးသလောက်ငါးတွေ သားပေါက်ချိန်မျာ မဖမ်းဆီးကြဖို့ လက်ရှိအချိန်မှာ ဧရာဝတီမြစ်ရိုးတလျှောက် လိုက်‌လံကြေညာနေသလို ကြော်ငြာဘုတ်တွေထောင်ပြီး ပညာပေး နိုးဆော်နေတယ်လို့ ငါးသလောက်မျိုး တည်တံ့ကာကွယ်ထိန်းသိမ်းနေသူတဦးက ပြောပါတယ်။

"ငါးသလောက်ဟာ ကမ္ဘာ့ပေါ်မှာ ၁၁ နိုင်ငံမှာပဲ ဖမ်းဆီးရမိပြီး အဲ့ထဲက ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယတို့မှာပဲ အများဆုံးဖမ်းဆီးရမိပါတယ်။ ကျနော်တို့က ငါးသားပေါက်ရာသီမှာ လုံးဝမဖမ်းစေချင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကို ကျနော်တို့ နမူနာလုံးဝယူရမှာ။ သူတို့ကငါးသားပေါက်ရာသီမှာ ဖမ်းခွင့်မပိတ်ခင်တုန်းက ကမ္ဘာပေါ်ရဲ့ ငါးသလောက်ဖမ်းဆီးမှုရဲ့ ၆၀ ရာခိုင်နှုန်းပဲရှိခဲ့ပေမဲ့ ဖမ်းခွင့်ပိတ်ပြီးကတည်းက  တိုးတက်လာတာ အခုဆို ၈၅ ရာခိုင်‌နှုန်းကျော်ရှိနေပြီ။ ငါးဖမ်းသမားတွေကို တောင်းဆိုချင်တာက ငါးသားပေါက်တဲ့ အချိန်လေးမဖမ်းစေဖို့ပါ" လို့ ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက မြစ်ကြောင်း ၄ ခုမှာ ငါးသလောက်ဖမ်းဆီးခွင့်ကို စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ကန့်သတ်ခဲ့သလို ငါးသလောက်သားပေါက်တွေ ရှင်သန်ကြီးထွားစေဖို့ ဘေးမဲ့ဇုန်ဧရိယာ ၁၁ ခုသတ်မှတ်ခဲ့ပြီး ငါးသလောက်အပြင် တခြားငါးတွေ ဖမ်းဆီးခွင့်ကို ၂၀၂၂ ကစပြီး ကန့်သတ်ခဲ့ပါတယ်။

ဘေးမဲ့ဇုန်အဖြစ်သတ်မှတ်ထားတဲ့ ဧရိယာ ၁၁ ခုကတော့  ဟင်္သာတရှိ ဖောင်ဆိပ်သောင်၊ ပန်းတနော်မြို့ရှိ ကဇင်းတောသောင်၊ ဇလွန်ရှိ နန်းတော်ကျွန်းသောင်၊ ညောင်တုန်းရှိ ဝဲကြီးသောင်၊ ဓနုဖြူရှိ ဇကာကြီးသောင်၊ မအူပင်မြို့နယ်ရှိ ငါးဖယ်အိုသောင်၊ တလုပ်အရှေ့သောင်နဲ့ ပန်းလိုင်ချောင်းဝတို့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို တနှစ်လျှင် ငါးသလောက်တန်ချိန် ပိဿာ ၁၃၀၀၀ လောက် တင်ပို့နေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013