Home
မြန်မာသတင်း
ယင်းမာပင်၊ ကနီနှင့် မြိုင်မြို့နယ်တွင် ပျူစောထီးနှင့် စစ်သားများ တိုက်ခိုက်ခံရ
DVB
·
October 7, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီမြို့နယ်တို့မှာ ပျူစောထီးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီး မြိုင်မြို့နယ်မှာတော့ အလောင်းလာကောက်တဲ့ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သား၄ ယောက် အပြင်းအထန်ဒဏ်ရာရသွားပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီအထိုင်ချတပ်စွဲနေတဲ့ ဘန့်ဘွေးရွာပျူစောထီးစခန်းကို အောက်တိုဘာ ၆ ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းဇင်ရွာသားတယောက်က “မနေ့ညကတော့ ပျူရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်တာတွေရှိခဲ့တယ်။ နှစ်ဖက် အသေအပျောက်ကတော့ မသိဘူး။ ကျမတို့ကတော့ အဲပျူရွာစခန်းကို ကာကွယ်ရေးအဖွဲ့တွေဘက်ကနေ အပြီး သိမ်းစေချင်တာ။ ဘာလို့သိမ်းစေချင်တာလဲဆိုတာ့ သူတို့က ကျမတို့ရွာတွေဆီလာပြီး ဆန်ဆီနဲ့ ရိက္ခာတွေ လာလုလုနေလို့ပါ။ လာလုတဲ့ အကြိမ်အရေအတွက်ကတော့ ရေတောင် မရေတွက်နိုင်ဘူး” လို့ ပြောပါတယ်။

အဲဒီက စစ်ကောင်စီတပ်တွေဟာ အနီးအနားက ထန်းဇင်ရွာ၊ ကန်စုရွာနဲ့ ဘန့်ဘွေးရေ‌သောက်ကန် တောတဲတွေက ဆန်၊ ဆီနဲ့ အိမ်သုံး ပရိဘောဂတွေကိုလည်း ခိုးဝှက်လုယူတာကြောင့် ဒေသခံတွေဟာ ရွာမှာ မနေရဲတော့ဘဲ တောတောင်တွေဆီမှာ တိမ်းရှောင်နေကြရတာ ၂ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ပစ်တာက ကျနော်တို့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းပြီး အဖွဲ့ ၉ ဖွဲ့ခွဲပြီး နေရာ ၉ နေရာက‌နေ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ။ ခွေးအသေအပျောက်ကတော့ စုံစမ်းနေတုန်းဗျ။ ကျနော်တို့ အခုလိုပစ်လို့ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့တာတွေ ပြုလုပ်သလို  ကင်းထောက်ဒရုန်းတွေနဲ့ ကျ‌နော်တို့အဖွဲ့တွေ ရှိနိုင်မဲ့‌နေရာကို ဝေဟင်ကနေ ကြည့်တာတွေလည်း ရှိတယ်ဗျ။ သူတို့ပြန်ပစ်တဲ့ လက်နက်ကြီးတွေက ကျနော်တို့အဖွဲ့တွေရှိရာကို ကျရောက်ခဲ့ပေမဲ့ ကျနော်တို့ဘက်က အသေအချာပြင်ဆင်ပြီး ပစ်ခတ်တာကြောင့် ရဲဘော်တဦးတယောက်မှတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ဝာာမရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brother Defense Force၊ ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု၊ မဲမှောင် ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံ LPDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာလည်း စစ်ကောင်စီ အထိုင်ချနေထိုင်တဲ့ အလယ်ကျွန်း ပျူစောထီးကျေးရွာကို အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက မောင်းသူမဲ့ လေယာဉ်ငယ်နဲ့ 1Kg ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး တပ်မဟာ အဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ KLG PDF (ကျောက်လုံးကြီး)အဖွဲ့က တိုက်ခိုက်ခဲ့တာလို့သိရပြီး စစ်ကောင်စီဘက်က သေဆုံး ထိခိုက်အခြေအနေကို မသိရသေးပါဘူး။ 

အလယ်ကျွန်းကျေးရွာဟာ ကနီမြို့နဲ့ ၂ မိုင်လောက်ဝေးပြီး အိမ်ခြေ ၁၂၀ လောက်ရှိတဲ့ စစ်တပ်ထောက်ခံတဲ့ ရွာတရွာဖြစ်ပါတယ်။

အဲဒီက ပျူစောထီးတွေဟာ အနီးအနားက ငါးဖျက် တောတဲတွေ၊ ရှမ်းမြောင်းရွာ၊ ခိုတွင်းရွာတို့က ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဆန်၊ ဆီနဲ့ အဖိုးတန်ပစ္စည်းတွေ လုယူလေ့ရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက အလောင်းလာကောက်တဲ့ စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် အပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းက ဆုံကုန်းကျေးရွာဘက်ကို ထွက်လာတဲ့အချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဘက်က ၆ ယောက်လောက် သေဆုံးခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားအလောင်းတွေကို ကိုင်းတောမဘက်ကနေ စက်မှု ၂ ဘက်ကို ပြန်သယ်တဲ့ စစ်ကောင်စီကားတစီးကိုလည်း အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ မိုင်းပွိုင့် ၃ ပွိုင့်၊ မိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  မြိုင် ပကဖ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား လမ်းဘေးကို လွင့်ထွက်သွားပြီး သစ်ပင်ကိုဝင်တိုက်ကာ ၄ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး MA3 သေနတ်တလက် ပြုတ်ကျနေခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြုတ်ကျသွားတဲ့ သေနတ်ကို ဆင်းမကောက်ရဲဘဲ မောင်းပြေးသွားပြီး သေနတ်ကတော့ မိုင်းထိထားတဲ့ဒဏ်ကြောင့် တိုက်ပွဲဝင်ရာမှာ အသုံးပြုဖို့ အဆင်မပြေတော့ဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024