စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက စက္ကန့်ရွာနဲ့ ရှားတောရွာကို စစ်ကောင်စီပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးနေကြပြီး ပဲခူးတိုင်း၊ ညောင်လေးပင် မြို့နယ်၊ ရေဖြူကန်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ သားအမိ ၂ ယောက် ဒဏ်ရာရသွားပါတယ်။
အောက်တိုဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ စက္ကန့်ရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီက စက္ကန့်ကျေးရွာက နေအိမ်တွေကို မီးရှို့နေတာပါ။
စက္ကန့်ရွာက ဒေသခံတယောက်က “ရွာကအိမ်တွေကို အရင်မီးရှို့တာ။ မွှန်ထာမှာ ရွာထဲမှာ တပ်စွဲနေတဲ့ စစ်သားတွေက ရွာဘက်ကို စစ်ကြောင်းထိုးခဲ့တာ။ အခုနေ့လယ်က ရှားတောရွာကို မီးရှို့နေတာ။ ဒေသခံတွေကတော့ ပြေးနေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာ ၂ ရွာက ဒေသခံထောင်ချီဟာလည်း ကလေးမြို့ပေါ်နဲ့ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေကြရပြီး အိမ်ခြေဘယ်လောက်ပျက် စီးဆုံးရှုံးလဲဆိုတာ မသိရသေးပါဘူး။
ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း စက္ကန့်ကျေးရွာက ဒေသခံနေအိမ် ၈၀ လောက်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာကို အောက်တိုဘာ ၄ ရက်နေ့ည ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးပိုင်း သားအမိ ၂ ယောက် ဒဏ်ရာရသွားပါတယ်။
ညောင်လေးပင်၊ အမှတ် ၂၀ တပ်က ၈၁ မမ ၂ လုံးပစ်ခတ်ခဲ့ပြီး ရေဖြူကန်ကျေးရွာက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲလို့ အသက် ၇၀ အရွယ်မိခင်နဲ့ အသက် ၅၀ အရွယ်သမီးတို့ ဒဏ်ရာရခဲ့ပါတယ်။
ထိခိုက်ခဲ့တဲ့လူနာကို စစ်ကောင်စီတပ်တွေက ညောင်လေးပင်ဆေးရုံကို အမြန်ပို့လိုက်ပြီး ဒဏ်ရာတွေဟာ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သာမန်အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေပြီး ဖမ်းဆီး သတ်ဖြတ်တာလည်းရှိလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာအကျဆုံးတွေ များထားပါတယ်။