
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကို အောက်တိုဘာ ၅ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီ စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ဘက်ကနေ စစ်သားအင်အား ၁၀၀ လောက်နဲ့ စစ်လက်နက် ရိက္ခာတွေသယ်ဆောင်လာတယ်လို့ယူဆရတဲ့ ကား ၁၇ စီး ပါလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ မြို့နယ်အတွင်းရောက်တာ ဒီနေ့နဲ့ဆိုရင် ၂ ရက် ရှိနေပြီဗျ။ မနေ့က နေ့လယ်ပိုင်းကတော့ လက်တောင်းကြီးရွာက ဆန်အပါအဝင် ပြည်သူပိုင်ပစ္စည်တွေကို အဓမ္မယူဆောင်သွားတယ်။ နောက်ပြီး ပြည်သူ ၄ ယောက် ကိုလည်း ဖမ်းဆီးသွားပြီး ပုလဲမြို့ရောက်တော့ ဖမ်းဆီးလာတဲ့ အရပ်သား ၄ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာတော့ ပုလဲမြို့နယ်အနောက်ဘက်ကို ကား ၁၇ စီးနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူ ထောင်နဲ့ချီ ထွက်ပြေး နေရတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးလာရင် အရပ်သားတွေထွက်ပြေးကြတာ ဓလေ့တခုလို ဖြစ်နေပြီလို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တယောက်က ပြောပြီး ကံကြီး၊ ညောင်ကုန်း၊ ဖိုကုန်း၊ မြကုန်း၊ ဇောင်ဂျမ်းကုန်း၊ ကုက္ကိုကုန်း၊ နွယ်ရှောက်၊ ကြောင်သန်း၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင် စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေကြရတာပါ။
ပုလဲ သခင်ဒေါင်းညိုအဖွဲ့တာဝန်ရှိသူက “တိုက်ပွဲကတော့ စခတွေ ပုလဲမြို့ကနေ စထွက်လာပြီဆိုကတည်းက စဖြစ်တာ။ ဖြစ်တဲ့ အဖွဲ့တွေကတော့ အားလုံးနီးပါး ပါပဲဗျ။ ကိုယ်နဲ့သက်ဆိုင်တဲ့နေရာကနေ ခွေးစစ်ကြောင်းကို တိုက်ကြပါတယ်။ အထူးသဖြင့် ဖုန်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းတွေနဲ့ တိုက်ကြရတယ်။ ဖုန်းမိုင်းကတော့ သူတို့ဘက်က ဂျမ်ဘာစနစ်ပါတော့ ထိရောက်မှုအပြည့်ဝမရဘူး။ သူတို့ အဲ ဖုန်းမိုင်းတွေတော့ ဖော်ယူတာမျိုးတွေလည်း လုပ်တယ်။ တိုက်မိုင်းနဲ့ဆွဲမိုင်းကတော့ အတော်လေး ထိရောက်တယ်ပြောရမယ်။ ခွေးအသေအပျောက်ကတော့ရှိတယ်ဗျ။ အတိကျတော့ မသိရသေးဘူး။ ဒီနေ့ တိုက်ပွဲကတော့ ကျနော်တို့ ကာကွယ်ရေးဘက်ကတော့ ကျဆုံးရဲဘော် မရှိသေးဘူး” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပုလဲမြို့ကနေ ပုလဲ-ဂန့်ဂေါလမ်းမကြီးတလျှောက် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာ မင်းတိုင်ပင်ရွာကိုရောက်သွားခဲ့ပါတယ်။
ဒီနေ့မှာတော့ အဲဒီစစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲက အင်မထီးရွာ၊ ဇီးဖြူကုန်းရွာ စတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူရွာတွေဆီကို ရိက္ခာသွားပို့နိုင်ခြေရှိတယ်လို့လည်း ပုလဲဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ခန့်မှန်းကြပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရပြီး စစ်တပ်က လူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်ကစတင်ပြီး ပခုက္ကူဘက်ကနေ အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဘုန်းကန်ပျူကျေးရွာက စစ်ကောင်စီစစ်ကြောင်း နှစ်ခုပေါင်းပြီး မြိုင်မြို့အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးနေတဲ့အတွက် အနီးဝန်းကျင်က ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောစပ်တွေမှာ နေထိုင်နေကြရပြီး မိုးတွေရွာနေလို့ နေထိုင်စရာ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ကျောက်ဆောက် ကျေးရွာအုပ်စု ရွာသစ်ကျေးရွာက ပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စစ်ဘေးရှောင်တွေက မိုးထဲရေထဲ ရှောင်ကြရတာပေါ့။ မိုးတအား ရွာတော့ ညလုံးပေါက် မိုးရေထဲ ထိုင်နေကြရတာ။ စစ်ကြောင်းက ရွာတွေထဲဝင်မွှေပြီး ပစ္စည်းတွေယူတယ်။ သူတို့ သဘောမတွေ့တဲ့အိမ်ဆို မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ပြောပါတယ်။
အခုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာလည်း စိုင်းကောင်းကျေးရွာက လူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီစစ်ကြောင်းက မြိုင်မြို့နယ် ဝက်ကျကျေးရွာမှာ ဝင်ရောက်နေတဲ့အတွက် အနီးဝန်းကျင် ကျေးရွာက စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။











