DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက် ကျဆင်း 
DVB
·
October 7, 2023
မြန်မာ့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက် ကျဆင်း 
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်ဟာ ၃ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့  အောင်တိုဘာ ၅ ရက်က ထွက်ရှိလာတဲ့ Research And Markets သုတေသန စစ်တမ်းအရ သိရပါတယ်။

မြန်မာ့ဆောက်လုပ်ရေးဈေးကွက်ပမာဏ၊ ဈေးကွက်ကဏ္ဍအလိုက် (ကုန်သွယ်ရေး၊ စက်မှု၊ အခြေခံ အဆောက်အဦ၊ စွမ်းအင်နဲ့ သုံးစွဲမှု၊ ဌာနဆိုင်ရာ၊ အိုးအိမ်လုပ်ငန်း) စိစစ်သုံးသပ်ချက်နှင့် ၂၀၀၃ - ၂၀၀၇ အတွက်ကြိုတင်ခန့်မှန်းချက် သုတေသနစာတမ်းကို  www.researchandmarkets.com ဝက်ဆိုက်က ထုတ်ပြန်ထားတာပါ။

အဲဒီစာတမ်းမှာ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ပစ္စည်းဈေးနှုန်းမြင့်မားလာမှုတွေကို ထည့်သွင်း တွက်ချက်ထားတဲ့လက်တွေ့တန်ဖိုး (Real Terms) အရ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းဟာ ၂၀၂၃ ခုနှစ်အတွင်း ၃ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ဆိုပါတယ်။

ဒါဟာ ပိုမိုဆုတ်ယုတ်လာနေတဲ့ လျှပ်စစ် ဓာတ်အား မလောက်ငမှု၊ ပြည်တွင်း ကျပ်ငွေကြေးတန်ဖိုးကျဆင်းမှု၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ ကုန်စည်ကွင်းဆက်ပြတ်တောက်မှု၊ ပိုမိုဆုတ်ယုတ်လာနေတဲ့ နိုင်ငံရေးအခြေအနေ၊ ပြည်တွင်းကနေ နိုင်ငံတကာလုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေမှု စတဲ့အချက်တွေကြောင့် ရင်းနှီးမြုပ်နှံသူတွေနဲ့ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကျဆင်းလာတာကြောင့်  ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စံချိန်တင်ငွေကြေးဖောင်းပွ ကုန်ဈေးနှုန်းတွေ မြင့်တက်မှုနဲ့  စစ်ဗိုလ်ချုပ်တွေရဲ့  စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် တခြားစီးပွားရေး လုပ်ငန်းတွေနည်းတူ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်းနိုင်ငံကို ရွေ့ပြောင်းသွားကြပြီး ထိုင်းနိုင်ငံက အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနေကြပါတယ်။ 

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အများအပြား ကွန်ဒိုတိုက်ခန်းတွေ ဈေးကြီးပေး ဝယ်ယူနေထိုင်နေကြရာမှာ  မြန်မာနိုင်ငံသားတွေလည်း ၂၀၂၃ ခုနှစ် ၆ လအတွင်း ဘတ်သန်းပေါင်း ၁,၂၇၄ သန်းဖိုး ဝယ်ယူခဲ့တယ်လို့ BTimes ထိုင်းစီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။

အခုနှစ် ၆ လပတ် စာချုပ်အရ နိုင်ငံခြားသားတွေကို ထိုင်းတနိုင်ငံလုံးက ကွန်ဒိုမီနီယံ တိုက်ခန်းပေါင်း ၇,၃၃၈ ခန်းနဲ့ စုစုပေါင်း ဘတ် ၃၅,၂၁၁ သန်း ပိုင်ဆိုင်ခွင့် အမည်လွှဲပြောင်းပေးခဲ့ရပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေက ကွန်ဒိုတိုက်ခန်းပေါင်း ၃,၄၄၈ ခန်း (တန်ဖိုး ဘတ်သန်းပေါင်း ၁၆,၉၉၂ သန်း) နဲ့ အများဆုံး ဝယ်ယူခဲ့ကာ ၄၈ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအများဆုံးမှာ ရုရှားနိုင်ငံသားတွေဖြစ်ပြီး ဘတ်သန်းပေါင်း ၂,၅၅၆ သန်း၊ တတိယအများဆုံး အမေရိကန် ဘတ်သန်းပေါင်း ၁,၂၈၉ သန်း၊ စတုတ္ထမှာ အင်္ဂလန်နိုင်ငံသား ၁,၂၈၇ သန်းနဲ့ ပဥ္စမအများဆုံးက မြန်မာနိုင်ငံသား ဘတ်သန်းပေါင်း ၁,၂၇၄ သန်းဖိုး ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အကျယ်အဝန်း ၈၉ ဒသမ ၈ စတုရန်းမီတာရှိ ကွန်ဒိုတိုက်ခန်းကို ဘတ် ၇ သန်းအထိ ပေးဝယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက် ဆုတ်ယုတ်လျော့ကျလာခြင်းရဲ့ အဲဒီအကြောင်းရင်းတွေဟာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေအများဆုံးရှာဖွေပေးနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းပေါ်မှာလည်း ထိခိုက်မှုတွေ ဖြစ်လာစေမယ်လို့ ယူဆရပါတယ်။

Chevron ၊ TotalEnergies နဲ့ Woodside Petroleum တို့အပါအဝင် နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်လိုက်ကြပါတယ်။

မြန်မာစစ်အာဏာရှင်တွေနဲ့ ဘဏ္ဍာရေးပတ်သက်မှုဖြတ်တောက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပိုပိုပြီးဖိအားပေးလာတာကြောင့် ထိုင်းအစိုးရပိုင် စွမ်းအင်လုပ်ငန်းစုကြီး PTT ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ PTT Exploration and Production (PTTEP) ကုမ္ပဏီဟာ မြန်မာကျပ် ၄ ဒသမ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ ဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကျိုက်ကလဲ့စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ အချိန်အကန့်အသတ်မရှိ နောက်ဆုတ်လိုက်ပါတယ်။

ခန့်မှန်းတွက်ချက်မှုတွေအရ လျှပ်စစ်နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းတွေအပေါ်မှီပြီး မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်ဟာ ၂၀၂၇ ခုနှစ်အထိ တစ်နှစ်ကို ပျမ်းမျှ ၆ ဒသမ ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အမ်း၊ ဂွ နဲ့ သံတွဲမြို့တွေမှာ စုစုပေါင်း လျှပ်စစ်ဓါတ်အား ၃၆၀ မဂ္ဂါဝပ်ရရှိမယ့် လေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့က ၂၀၂၃ ခုနှစ် မတ်လမှာ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒါတွေအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပိုမိုဆွဲဆောင်နိုင်ဖို့ရည်ရွယ်ပြီး ပြည်တွင်း လျှပ်စစ်ဓါတ်အားလု ပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ် ကောင်စီက အခွန်တွေလျှော့ချပေးခဲ့ပါတယ်။

လျှပ်စစ်ကားတွေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေမှာလည်း အခွန်တွေလျှော့ချပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်လို့လည်း  အဲဒီစစ်တမ်းမှာဖော်ပြထားပါတယ်။

Source- Research And Markets 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013