
ထိုင်းနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တရားမဝင် နိုင်ငံခြားသား လုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဆက်တိုက်စစ်ဆေးနေပြီး Work Permit နဲ့ အထောက်အထားမစုံတဲ့ မြန်မာလုပ်သားတွေ ရာနဲ့ချီ ဖမ်းဆီးခံနေရပါတယ်။
ပထုံဌာနီနဲ့ ချွန်ဘူရီခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သတင်းပေး တိုင်ကြားချက်တွေကြောင့် ဇွန် ၁၁ ရက်မှာ ထိုင်းအာဏာပိုင်တွေဟာ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး အထောက်အထား မစုံတဲ့ မြန်မာလုပ်သား ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ပထုံဌာနီခရိုင်ထဲက အထပ် ၂၀ မြင့် ဆောက်လုပ်ရေးစီမံကိန်းတခုမှာ စစ်ဆေးခဲ့ရာမှာ Work Permit မရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ယောက်၊ တရုတ်နိုင်ငံသား ၈၆ ယောက် အပါအဝင် အယောက် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရတာပါ။
ချွန်ဘူရီခရိုင်၊ ဘန်းဘုန်းမြို့နယ်က တရုတ်စက်ရုံစီမံကိန်း တခုမှာလည်း မြန်မာလုပ်သား ၂၁ ယောက်နဲ့ တရုတ်နိုင်ငံသား ၄ ယောက်တို့ကို Work permit မရှိဘဲ အလုပ်လုပ်ကိုင်နေတာကြောင့် ဖမ်းဆီး အရေးယူထားပါတယ်။
ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံသားပိုင် စက်ရုံနဲ့ လုပ်ငန်းတွေ ပိုများလာသလို အလုပ်သမား ဥပဒေတွေကို မလိုက်နာတဲ့ လုပ်ငန်းတွေလည်း များလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။
“ထိုင်းနိုင်ငံမှာဆိုရင် လယောင်းလို၊ ချွန်ဘူရီဘက်မှာဆိုရင် တရုတ်တွေပိုင်တဲ့ စက်ရုံတွေ၊ နာမည်ခံနဲ့ ဖွင့်ထားတဲ့ တရုတ်လူမျိုးပိုင် စက်ရုံတွေ ပိုများလာတယ်။ အဲ့စက်ရုံတွေမှာလည်း တရားမဝင် မြန်မာလုပ်သားတွေရော၊ အထောက်အထား အစုံအလင် မရှိတဲ့ မြန်မာလုပ်သားတွေ၊ အလုပ်ရှင် သူဌေး မှန်ကန်မှုမရှိတဲ့ မြန်မာလုပ်သားတွေ အဲ့လိုမျိုး ထိုင်းအစိုးရ အလုပ်သမားရေးရာ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး လိုက်နာမှုမရှိတဲ့ စက်ရုံ အလုပ်ရုံတွေလည်း များတယ်။ အဲဒါတွေ ဝင်ဖမ်းတယ်။ နောက် လူနေရပ်ကွက်တွေ၊ မြန်မာလုပ်သား အများစုနေတဲ့ ရပ်ကွက်တွေ ဝင်ရောက် ဖမ်းဆီးမှု ခပ်စိပ်စိပ် တွေ့ရတယ်။ ဒီရက်ပိုင်းမှာပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အစုလိုက် အပြုံလိုက် ဖမ်းမိသွားတာတွေ လူပေါင်း ၁၀၀ ကျော်လောက် အဲလိုဖြစ်စဉ်တွေ ခပ်စိပ်စိပ် ရှိလာတယ်။ ဆိုလိုတာတော့ ထိုင်းမှာ အဖမ်းအဆီး ကြမ်းနေတယ် ပြောရမှာပေါ့။”
ဧပြီလ နောက်ဆုံးပတ်ကစလို့ ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်တွေနဲ့ လုပ်ငန်းခွင်တွေမှာ ၃ လ စီမံချက်နဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေး ဖမ်းဆီးတာတွေ စတင်ခဲ့တာပါ။
ဒါ့အပြင် မြန်မာလုပ်သား အများဆုံးရှိတဲ့ တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ဇွန်လဆန်းပိုင်းမှာ ခပ်စိပ်စိပ် ရှိနေပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေကတော့ အထောက်အထား လုပ်ငန်းစဉ်တွေအတွက် ငွေကြေးကုန်ကျခံထားပေမဲ့ စာရွက်စာတမ်းတွေ အချိန်မီ မရရှိတာကြောင့် အခုလို စီမံချက်နဲ့ အဖမ်းဆီးကာလတွေမှာ စိုးရိမ်စိတ်တွေနဲ့ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမားတယောက်က “အထောက်အထားတွေ လက်ဝယ်မရသေးဘဲ မစုံသေးလို့ အစစ်အဆေးနဲ့ ကြုံရတော့မယ်ဆိုရင် စိုးရိမ်စိတ်က အမြဲတမ်းဖြစ်တယ်။ ကျနော်တို့ ကိုယ်တိုင်ဆိုလည်း အထောက်အထားတွေ အပြည့်အစုံ မရှိသေးဘူး။ ဒါပေမဲ့ နေနေရတယ် သတိနဲ့ နေရတယ်။ ဒီလိုမျိုး သတင်းတွေ တက်လာပြီဆိုရင် အလုပ်လုပ်တဲ့အခါ သတိထားပြီး လုပ်နေရတယ်။ အားလုံးကတော့ ပိုက်ဆံအကုန်ခံပြီး သူတို့ခိုင်းတဲ့အတိုင်း လုပ်ငန်းစဉ်တွေ လုပ်တာပေါ့။ အဓိကတော့ အလုပ်သမားတွေဘက်က ငွေကြေးတွေ အကုန်ကျခံပြီး အကုန်သွင်းထားပေမဲ့ ဘယ်မှာကြာနေလဲ ကျနော်တို့ မသိဘူး။ ပွဲစားတွေကို မေးရင်လည်း အကြောင်းပြချက်မျိုးစုံနဲ့ ဒီကတ်တွေက အချိန်မီရတာ မရှိဘူး။ ဘာပဲနေနေ ခံရတာကိုကြည့်ရင် အောက်ခြေ ပန်းရောင်ကတ်နဲ့နေတဲ့ အလုပ်သမားတွေပဲ ကြုံရတာပေါ့” လို့ ပြောပါတယ်။
ထိုင်းမှာ Work Permit မရှိဘဲ အလုပ်လုပ်ကိုင်ရင် ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်နိုင်ပြီး ပြစ်ဒဏ်ကျခံပြီးနောက် မိခင်နိုင်ငံကို ပြန်ပို့မှာဖြစ်သလို ၂ နှစ်အတွင်း အလုပ်လုပ်ခွင့် လျှောက်ထားခွင့်လည်း ပိတ်ပင်ခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
အလုပ်ရှင်တွေဘက်ကလည်း တရားမဝင် နိုင်ငံခြားသား ခန့်ထားရင် အလုပ်သမား တယောက်အတွက် ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်နိုင်ပြီး အလုပ်သမား ဥပဒေ ချိုးဖောက်မှုအတွက် အရေးယူခံရနိုင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။
လတ်တလောမှာတော့ ထိုင်းအစိုးရက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ၊ Work Permit မရှိဘဲ အလုပ်လုပ်ကိုင်နေသူတွေနဲ့ ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစား မဟုတ်ဘဲ လုပ်ကိုင်နေသူတွေကို နိုင်ငံတဝန်း အရှိန်မြှင့် စစ်ဆေးနေပြီး မြန်မာလုပ်သားတွေ အများဆုံး ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဇွဲသစ်










