DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးအတွက် အမေရိကန်က ငွေကြေးပိုထောက်ပံ့ရန် တွန်းအားပေးနေ
DVB
·
October 7, 2023
မြန်မာ့အရေးအတွက် အမေရိကန်က ငွေကြေးပိုထောက်ပံ့ရန် တွန်းအားပေးနေ
Donate to DVB

Burma Act နဲ့ဆက်စပ်တဲ့ မြန်မာ့အရေး ငွေကြေးထောက်ပံ့မှုပမာဏကို လာမယ့် နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ၂ ရပ်က အတည်ပြုဆုံးဖြတ်ဖို့ရှိနေပြီး အကူအညီတွေပိုရလာအောင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တွန်းအားပေး ဆောင်ရွက်နေပါတယ်။

Burma Act တခုလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေမူကြမ်း NDAA ထဲမှာ အမေရိကန်လွှတ်တော် ၂ ရပ်က ထည့်သွင်းခဲ့တာ၊ မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုထားတာစတဲ့ အခြေအနေတွေကနေ စပ်ဆက်ပြီး မြန်မာပြည်သူတွေရလာနိုင်စရာရှိတဲ့ ငွေကြေးနဲ့ အထောက်အပံ့တွေကို အပြည့်အဝ ဒါမှမဟုတ် ပိုရလာအောင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ကိုရင်အေးက "နိုဝင်ဘာမှာ ဆုံးဖြတ်တော့မယ့် Burma Act နဲ့ပတ်သက်ပြီး ငွေကြေးဘယ်လောက်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်တို့လည်းဝိုင်းပြီး တွန်းအားပေးပြီးတော့ များသထက် များအောင် ပိုက်ဆံတွေ ပိုရသထက်ရအောက် ကြိုးစားနေတာရှိပါတယ်။ အလားတူပဲ စစ်ကောင်စီဟာ အသက်ငင်နေတယ်လို့ပြောလို့ရပါတယ်။ ဘက်ပေါင်းစုံမှာ နိုင်ငံတကာမှာလည်းကြည့်၊ သူ့ကို ဘယ်သူမှ ဆေးဖော်ကြောဖက်မလုပ်တော့ဘူး။ UN မှာက အစ သူ နေရာလုံးဝမရတော့ဘူး။ ကျနော်တို့ရဲ့သူရဲကောင်း ဦးကျော်မိုးထွန်းကို ဆက်ပြီး ထားထားမယ်ဆိုတဲ့ အနေအထားရှိတယ်။ အာဆီယံကအစ သူ့ကို အသိအမှတ်မပြုတော့ဘူးဆိုတဲ့ အနေအထားရှိတယ်။ အဲလိုအနေအထားတွေမှာ ကျနော်တို့က သူတို့ကို အင်နဲ့အားနဲ့ ပြုတ်ကျသွားအောင် နောက်ဆုံးအခြေအနေလေးကို တွန်းချလို့ရအောင် ကြိုးစားနေကြတာဖြစ်ပါတယ်" လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာအခြေစိုက်ထားတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးတို့ကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အပတ်စဉ် ဆန္ဒပြ ကန့်ကွက်နေ ကြပြီး အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီလိုစဉ်ဆက်မပြတ်လုပ်ဆောင်နေတာဟာ စစ်ကောင်စီနဲ့လက်အောက်ခံသံရုံးတွေကို ပြည်သူတွေက လုံးဝလက်မခံကြောင်း နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှာ ပေါ်လွင်စေချင်တာကြောင့်ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတယောက်ဖြစ်တဲ့ ဒေါ်နီနီဝေက "ဒီညီအကိုမောင်နှမတွေနဲ့ ဒီ PDF ကလေးတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေနဲ့ တစိတ်တည်း တဝမ်းတည်း ရှိနေတယ်ဆိုတာကို ပြသချင်တဲ့အတွက် အားလုံးက ဒီကိုလာရောက်ပြီးတော့ ဆန္ဒပြတာဖြစ်ပါတယ်။ တကျပ်တတ်နိုင်တတ်နိုင် နှစ်ကျပ်တတ်နိုင်တတ်နိုင် အားလုံး ပြည်သူတွေ PDF ကလေးတွေအတွက် တတ်နိုင်သမျှ ပါဝင်ပေးကြပါလို့ ကူညီပေးကြပါလို့ အားလုံးကို တိုက်တွန်းနှိုးဆော်ချင်ပါတယ်" လို့ ပြောပါတယ်။

အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန် အောက်လွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပြီး စာမျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act တခုလုံးကိုလည်း ထည့်သွင်းခဲ့ပါတယ်။

NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်စိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ နှစ်အတွင်းမှာ ဘဏ္ဍာရေးရန်ပုံငွေတွေကို ခွင့်ပြုပေးသွားဖို့ရှိနေပြီး တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေ အပါအဝင် အစီအစဉ် ၇ ခုကို ပေးအပ်သွားဖို့ ရှိနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013