
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့မှာ လျှပ်စစ်မီတာခ တယူနစ်ကို ၂,၀၉၀ ကျပ်အထိ ပေးဆောင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လအထိ လျှပ်စစ်မီတာခ တယူနစ်ကို ၁,၈၀၀ ကျပ် ကောက်ခံရာက စက်တင်ဘာလကစပြီး တယူနစ် ၂,၀၉၀ ကျပ်နဲ့ ထပ်မံတိုးမြှင့် ကောက်ခံလာတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဓာတ်ဆီဈေးကျနေပြီ၊ မီတာခက ပိုပြီး စျေးတက်လာတယ်။ မီတာခ စျေးမတတ်နိုင်တော့ မီးဖြတ်လိုက်ရတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပုဂ္ဂလိကလျှပ်စစ်မီး ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပြီး မီတာခ စျေးနှုန်းမြင့်တက်လာတဲ့အတွက် သုံးစွဲဖို့ အခက်အခဲတွေ ရှိကြတယ်။”
မီးသုံးစွဲသူတယောက်က “အခုချိန်က စားစရာတောင် မနည်းရှာစားနေရတာ၊ မီတာခလည်း ထပ်မံစျေးတက်ပြန်ဆို ပေးစရာ မရှိ မရှိနဲ့ မနည်းရှာကြံပြီး ပေးရတယ်။ မပေးပြန်လည်း မီတာပါ ဖြတ်တောက်ခံရတယ်” လို့ ပြောပါတယ်။
လက်ရှိ ရေးမြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်ကစပြီး ဓာတ်ဆီဈေးနှုန်း ၉၂ တလီတာကို ၁,၉၉၅ ကျပ်၊ ၉၅ တလီတာကို ၂,၂၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂,၃၃၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၃၈၀ ကျပ်နဲ့ စျေးနှုန်းကျဆင်းနေတာပါ။
ဒါ့အပြင် ရေးမြို့ပေါ်နဲ့ မြောက်ပိုင်းဘက်မှာလည်း မီတာခ တယူနစ် ၁,၅၅၀ ကျပ်ကနေ ကျပ် ၁,၈၀၀ အထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
မဟာဓာတ်အားလိုင်းမရောက်တဲ့ ရေးမြို့နယ်အတွင်း လျှပ်စစ်မီးဖြန့်ဖြူးရေးကို ပုဂ္ဂလိက ကုမ္ပဏီနဲ့ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်တို့နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေပါတယ်။










