Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်များ စိုးရိမ်ကြောက်လန့်နေပြီး အဖွဲ့စည်းအတွင်း မညီမညွတ်ဖြစ်နေ
DVB
·
October 7, 2023

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကြာလာချိန်မှာတော့ ရန်ကုန်ကရဲစခန်းတွေမှာ တာဝန်ကျနေတဲ့ ရဲတွေအနေနဲ့ စိုးရိမ်ကြောက်လန့်စိတ်ဖြစ်နေပြီး အဖွဲ့အစည်းအတွင်းမှာလည်း မညီမညွတ်တွေဖြစ်နေတယ်လို့ အတွင်းသတင်း တွေအရ သိရပါတယ်။

ရန်ကုန်မှာ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ အာဏာရှင်ထောက်တိုင်တွေကို ရှင်းလင်းတဲ့ မစ်ရှင်တွေကြောင့် ရဲတွေမှာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်လန့်နေတယ်လို့ စုံစမ်းသိရပါတယ်။ 

လက်ရှိ ရန်ကုန်က ရဲစခန်းတချို့မှာ ရဲတွေမလုံလောက်တာ၊ အချင်းချင်းစည်းလုံးမှု မရှိတာတွေကြောင့် ခရိုင်နဲ့ တိုင်းမှူးတွေ ကိုယ်တိုင် စခန်းတွေဆီ လာရောက်ပြီး စည်းရုံးရေးဆင်းနေတယ်လို့ ရဲတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရန်ကုန်ရဲစခန်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေတချို့က စိတ်ဖိစီးမှုတွေ ကြောက်ရွံ့မှုတွေ ဖြစ်နေကြတယ်လို့ ရဲတချို့ဆီကနေ သိရတယ်။ မြို့နယ် ရဲတပ်ဖွဲ့စခန်းတွေကို ခရိုင်တွေ တိုင်းတွေကနေ ရဲတပ်ဖွဲ့မှူးတွေ ကိုယ်တိုင်ကိုယ်က စည်းရုံးရေးတွေဆင်းတယ် ထောက်ပံ့ကြေးတွေပေးတယ်။ တပ်ဖွဲ့ဝင်တွေအချင်းချင်း ညီညွတ်ကြဖို့ဆိုပြီး စည်းရုံး ရေးတွေဆင်းပြီးပြောနေတယ်။ အခုဟာက ရဲတပ်ဖွဲ့ဝင်ကြားထဲမှာ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ ကင်းမဲ့နေကြတယ်။” 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဆွေအကြား အကျင့်ပျက်လာဘ်စားမှုတွေနဲ့  အဝေမတည့်တာတွေကြောင့် အချင်းချင်း မသင့်မမြတ်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

ရဲတွေနဲ့ နီးစပ်သူတဦးက “မူးယစ်ဆေးဝါးအမှုတွေမှာ လာဘ်စားတာတွေရှိတယ်။ ဥပဒေပြင်ပ ဖြစ်တဲ့ကိစ္စတွေမှာ ရဲစခန်းကို လာတိုင်ပြီဆိုတာနဲ့ ပိုက်ဆံတွေယူပြီးတော့ အမှုကို လွှတ်ပေးတာတွေရှိတယ်။ အဲဒီယူတဲ့ပိုက်ဆံတွေကို အချင်းချင်း ခွဲဝေယူတဲ့အခါမှာ မညီမျှတဲ့အခါမှာ တယောက်နဲ့ တယောက် မကျေနပ်တာတွေ ဖြစ်ကြတယ်။ အတွင်းစကားတွေအရ အချင်းချင်းတပ်ဖွဲ့ဝင်တွေကြားထဲမှာ မိသားစုဝင်တွေ တခုခုဖြစ်လာခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လွတ်လမ်းကိုရှာဖို့၊ ကိုယ့်အတွက် ကိုယ်လုံခြုံတဲ့ နေရာကို ရှာဖို့ မိသားစုဝင်တွေကို အပြင်ပေးမထွက်ဖို့ဆိုတာကို အခု ပြန်ပြီး စည်းကမ်းတွေ တင်းကျပ်နေတယ်၊ အမိန့်တွေပြန်ထုတ်နေတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ရန်ကုန်က ရဲစခန်းတွေမှာ အပြင်လုံခြုံရေးတွေ တင်းကျပ်ပိတ်ဆို့ထားပေမဲ့ စခန်းတွင်း ရဲအင်အား လုံလောက်မှုမရှိတဲ့အတွက် ပြည်သူလူထုရဲ့ တိုင်ကြားလာတဲ့ အမှုကိစ္စတွေကိုလည်း‌ မဖြေရှင်းပေးနိုင်ဘူးလို့ သိရပါတယ်။

ရန်ကုန်က စခန်းတခုမှာဆိုရင် ရဲအချင်းချင်းပြဿနာဖြစ်ရာကနေ စခန်းမှူးသေဆုံးသွားခဲ့ပြီး အခု ချိန်ထိ စခန်းမှူးမရှိသေးဘူးလို့ ဒေသခံ ပြည်သူတယောက်က ပြောပါတယ်။

"ရဲစခန်းက အရင်တုန်းက အခြေအနေနဲ့ဆိုရင်တော့ တော်တော်ကွာခြားသွားပါတယ်။ အခုဆို ဝင်ပေါက် ထွက်ပေါက်တွေက အစအကုန်လုံး တင်းကျပ်ထားတာပေါ့နော်။ စခန်းမှာက ရဲတွေလည်း သိပ်မရှိတော့ဘူး၊ ပြေးတဲ့သူကပြေး၊ နားတဲ့သူကနား၊ နယ်ပြောင်းတဲ့သူက ပြောင်းနဲ့ပေါ့။ ပြီးတော့ ကျနော်တို့ ဆီက ရဲစခန်းက စခန်းမှူးကလည်း မကြာသေးခင်ကပဲ ဆုံးသွားတယ်ဗျ။ အဲ့တာကလည်း သူတို့အချင်းချင်း ဖြစ်တာလို့ကြားတယ်။ အဲတာကြောင့် အခုချိန်ထိ စခန်းမှာဆို စခန်းမှူးမရှိဘူး၊ အခုလည်း ဒီလိုပါပဲ အချင်းချင်းမတည့်တဲ့သူတွေက များတယ်။" 

၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်အချင်းချင်းအပြန်အလှန်တိုင်ကြားမှု ၄၃၂ မှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဌာနအတွင်းမညီညွတ်မှု၊ သတင်းပေါက်ကြားမှုတွေကြောင့် ၂ နှစ်တာ ကာလအတွင်း ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၅ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၈၄ ယောက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လတွေက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူးက ဖယ်ရှားပြီး ရဲမှူးချုပ် အောင်ဌေးမြင့်အပါအဝင် ရဲမှူးချုပ်နဲ့ ရဲမှူးကြီးတချို့ကို ရာထူးတာဝန်တွေက အနားပေးခဲ့တဲ့ ကိစ္စတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ 

အောက်တိုဘာ ၁ ရက်က ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့မှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ရဲတပ်ဖွဲ့ဝင်တွေ အချင်းချင်းအပြန်အလှန်တိုင်ကြားမှုတွေ များလာတာကြောင့် စည်းလုံး ညီညွတ်စွာ နေထိုင်ဖို့လည်း အမှာစကားထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024