DVB Logo
Home
မြန်မာသတင်း
ဒလန်ခေါင်းစဉ်တပ် အသတ်ခံရသူများကိုပါ ထည့်ပြောမှ လူ့အခွင့်အရေးရှုထောင့်အရ တရားမျှတ မှန်ကန်မည်ဟု စစ်ကောင်စီ သံအမတ်ပြော 
DVB
·
October 6, 2023
ဒလန်ခေါင်းစဉ်တပ် အသတ်ခံရသူများကိုပါ ထည့်ပြောမှ လူ့အခွင့်အရေးရှုထောင့်အရ တရားမျှတ မှန်ကန်မည်ဟု စစ်ကောင်စီ သံအမတ်ပြော 
Donate to DVB

ဒလန် ခေါင်းစဉ်တပ်ပြီး အသတ်ခံရသူတွေရဲ့  လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကိုပါ ထည့်သွင်းပြောကြားမှသာလျှင် လူ့အခွင့်အရေး ရှုထောင့်အရ တရားမျှတမှု၊ မှန်ကန်မှု ရှိမယ်လို့ စစ်ကောင်စီ ကိုယ်စားလှယ် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၃ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ အီးယူကော်မရှင်ရုံးမှာ ကျင်းပတဲ့   (၅) ကြိမ်မြောက် အာဆီယံ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံနဲ့ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် တက်ရောက် ဆွေးနွေး ပြောဆိုခဲ့တာလို့  စစ်ကောင်စီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်း CSO တွေရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကိုယ်စားလှယ်က  CSOs တွေအနေနဲ့  အခြေအနေ တစ်ခုလုံးကို ခြုံငုံသုံးသပ်ခြင်း မပြုဘဲ အစုအဖွဲ့တစ်ခုနဲ့   သူတို့ကို ထောက်ခံသူတွေရဲ့ ပြောကြားချက်ကိုသာ အခြေခံရပ်တည်ပြီး echo chamber effect မှာ ပျော်မွေ့နေပါက လူ့အခွင့်အရေးကိစ္စရပ်မှာ ကိုယ်ကိုယ်ကိုယ်ကျေနပ်အားရဖို့ရည်ရွယ်ချက် အတွက် ဆောင်ရွက်နေတယ်လို့  ထင်မြင်မိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အားနည်းကြောင်း ထပ်တလဲလဲ ပြောဆိုနေတဲ့တိုင်  ဒါနဲ့ပတ်သက်လို့  မြန်မာ့သမိုင်းကြောင်းကို အခြေခံတဲ့ လက်တွေ့ကျတဲ့ အဆိုပြုချက်တွေ တင်သွင်းနိုင်ခြင်း မရှိဘဲ  မြန်မာနိုင်ငံ ဥပဒေအရ တည်ဆဲအဖွဲ့အစည်းကိုယ်စားလှယ်ကို ဆွေးနွေးဘက်အဖွဲ့အဖြစ် တရားဝင် လက်ခံဖို့ ငြင်းပယ်နေကြောင်းနဲ့ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ ရေရှည်တည်တံ့တဲ့ ဆွေးနွေးညှိနှိုင်းမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့  ခက်ခဲလိမ့်မယ်လို့လည်း စစ်ကောင်စီ သံအမတ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဒလန်ခေါင်းစဉ်နဲ့ သေဆုံးသူဘယ်နှယောက်ရှိတယ်ဆိုတာမသိရပေမဲ့   ၂၀၂၂ ခုနှစ် မတ်လအထိ သေဆုံးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်ပါင်း ၁၃၂၇ ဦး ရှိခဲ့တယ်လို့ အဲဒီပါတီက ထုတ်ဖော် ပြောထားပါတယ်။

ဒီဆွေးနွေးပွဲကို အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နဲ့ အီးယူ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့ ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး  အာဆီယံနဲ့ အီးယူ နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်း (CSO) တွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာနဲ့ ပါဝင်တက်ရောက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း  နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကနေ ကန့်ကွက်ထွက်ခွာခဲ့ကြတဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)၊ Front Line Defenders (FLD) နဲ့ Protection International (PI)  အဖွဲ့တွေအနေနဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တဲ့အပေါ်  အလွန်စိတ်ပျက်ရသလို သူတို့ကို တရားဝင်အသိအမှတ်ပြုရာရောက်တဲ့ ဘယ်လုပ်ရပ်ကို မဆို အပြင်းထန်ဆုံး ကန့်ကွက်ဆန့်ကျင်တယ်လို့  ထုတ်ပြန်ချက်မှာ ပြောပါတယ်။

စစ်အာဏာရှင် လက်အောက်ခံကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့လိုက်တာဟာ ပိုမိုဆိုးရွာနေတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တားမြစ်ဖို့ ကြိုးပမ်းနေတဲ့ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ဆောင်ရွက်ချက်တွေကို ယုတ်လျော့အားနည်းစေသလို အနီးကပ်မှ အခုလို ဆုံးဖြတ်လိုက်တာဟာ ရှက်စရာကောင်းပြီး လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ စစ်အာဏာရှင်လက်အောက်ခံ ကိုယ်စားလှယ်တွေ မရှိမှသာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကောင်းဆုံးဘယ်လို တုံ့ပြန် အရေးယူနိုင်မလဲဆိုတာနဲ့ အာဆီယံရဲ့ ချဉ်းကပ်နည်းအပေါ် မြင်တွေ့ရတဲ့လို အပ်ချက်တွေကို တခြားနိုင်ငံတွေက ပိုပြီးတော့ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တချို့အတွက် စိုးရိမ်စရာဖြစ်တဲ့ လုံခြုံရေး ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း၊ အီးယူ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲဟာလည်း ပိုပြီးယုံကြည်စိတ်ချရတဲ့ အစည်းအဝေးဖြစ်လာကာ ပိုမိုခိုင်မာအားကောင်းလာမယ်လို့  အဲဒီထုတ်ပြန်ချက်မှာ  ထောက်ပြထားပါတယ်။

ကလေးတွေအပါအဝင် ပြည်သူတွေကို သတ်ဖြတ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု ကျူးလွန်နေတဲ့ တရားမဝင် အကြမ်းဖက်စစ်တပ်ရဲ့ ကိုယ်စားလှယ် ဒီဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် အလွန်ပင် အံ့ဩတုန်လှုပ်ရတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်းထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာမှာ မြန်မာပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့သာပြုလုပ်ဖို့လည်း NUG အစိုးရက တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်အထိ  စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့  ပြည်သူ စုစုပေါင်းမှာ ၄၁၄၁ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013