DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်၌ မိုးစပါးပေါ်ချိန် ဝယ်သူမရှိ၊ မိုးကြောင့် စပါးသိမ်းချိန်နောက်ကျပြီး ပျက်စီးဆုံးရှုံး
DVB
·
October 6, 2023
ခရမ်းမြို့နယ်၌ မိုးစပါးပေါ်ချိန် ဝယ်သူမရှိ၊ မိုးကြောင့် စပါးသိမ်းချိန်နောက်ကျပြီး ပျက်စီးဆုံးရှုံး
Donate to DVB

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ အခုနှစ် မိုးစပါးပေါ်ချိန်မှာ စပါးပွဲစားတွေ လာရောက်ဝယ်ယူတာမရှိလို့ စပါးသိမ်းချိန် နောက်ကျခဲ့သလို  မိုးပါ မိတဲ့အတွက် အပျက်အစီးအဆုံးအရှုံးတွေရှိနေတယ်လို့  တောင်သူလယ်သမားတွေက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းနဲ့အတူ မိုးဆက်တိုက်ရွာနေလို့ ခရမ်းမြို့နယ်က လယ်တွေ ရေနစ်မြုပ် ပျက်စီးပြီး စပါးဈေးလည်း ဆက်တိုက် ကျဆင်းလာနေပါတယ်။

ဒေသခံလယ်သမားတဦးက “ကျနော်တို့ကလည်း ဟိုအရင်နှစ်တွေက စပါးအထွက်နည်းတော့ နည်းနည်း သက်လတ်၊ သက်ငယ်ပေါ့။ ရက် ၁၃၀ ပတ်လည် လောက်စပါးကို ဒီနှစ်မှာ ထည့်လိုက်မိတာ။ ထည့်လိုက်မိတော့ တချို့စပါးကလဲတော့ နည်းနည်းလေအတိုက်မှာ ယိုင်တယ်ပေါ့။ ယိုင်မှာ မိုးအရွာနဲ့ ရေကလည်းမကျ စပါးက ရေထဲမှာ တစ်ဝက်တစ်ပျက် နစ်တယ်။ ကျနော်တို့ကတော့ ပြေလည်တဲ့လယ်သမားက ခပ်ရှားရှားပေါ့။ ဈေးကျတာတို့ ရောင်းမထွက်တာတို့၊ အခုက ဈေးက သောင်းသုံးထောင်ပတ်လည်လောက်ပဲ၊ ဒါ တောင် စပါးကောင်းမှ ယူတာ၊ အဲ့လိုမျိုးဖြစ်တယ်”လို့ ပြောပါတယ်။

လတ်တလောမှာ ရေမြုပ်သွားတဲ့ မှော်ဘီ - ၃ စပါးဈေးက ကျပ် ၁၃ သိန်း အောက် ကျဆင်းလာပြီး စပါးဝယ်သူမရှိဖြစ်နေတယ်လို့ သိရပါတယ်။

စပါးတွေရေနစ်ကုန်လို့တောင်သူတွေမှာ ကုန်ကျစရိတ်တွေ ပိုများလာသလို ခရမ်းနယ်မြေရဲစခန်းက မြို့နယ်အတွင်း ဆိုင်ကယ်စီးခွင့်မပေးထားဘဲ စပါးသယ်ယူဖို့အတွက် ကယ်ရီသမားတွေကို လည်ဆွဲကတ်နဲ့  အင်္ကျီတွေထုတ်ပေးထားပြီး အဲ့ဒီအပေါ်မှာ ကျပ်ငွေ ၄၀၀၀၀ ကောက်ခံနေပါတယ်။

ဒီလိုကောက်ခံနေတာက တောင်သူတွေဟာ ကယ်ရီခတွေ ပိုဈေးကြီးလာသလို စပါးသယ်ယူရတဲ့ စရိတ်စကတွေ ပိုပြီးကုန်ကျလာတယ်လို့ တောင်သူတစ်ယောက်က ပြောပါတယ်။

“အခု အစ်ကိုတို့ ခရမ်းနယ်အနေထားဆိုရင် လယ်ကန်သင်းကနေ ရောင်းတဲ့နေရာကို ရောက်ဖို့ ဆိုင်ကယ်နဲ့ ကဲ့ထုတ်ရတယ်လေ။ ဆိုင်ကယ်နဲ့ ကဲ့ထုတ်ရတော့ ခရမ်းနယ်မှာ ဆိုင်ကယ်စီးခွင့်က မရှိဘူး။ နယ်မြေခံရဲတပ်ဖွဲ့တွေကနေ ဆိုင်ကယ်သမားတွေဆီကနေ စီးလို့ရအောင်၊ ကဲ့လို့ရအောင် ကတ်ကလေးတွေနဲ့ အင်္ကျီလေးတွေထုတ်ပေးပြီး ကယ်ရီသမားတွေဆီကနေ ကယ်ရီသမားတွေဆီကနေ လေးသောင်းတောင်းတယ်။  နယ်မြေခံရဲတပ်ဖွဲ့တွေက လေးသောင်းကျပ်တောင်းတော့ ကယ်ရီသမားတွေက ပုံမှန် ဈေးထက် လယ်သမားတွေဆီက ထပ်တိုးတောင်းတယ်။ နောက်ဘိတ်ဆုံး သူတို့လုပ်တာတွေက လယ်သမားပေါ်ပဲ သွားပြီးတော့ သက်ရောက်တာပဲ။ လယ်သမားစပါးဖိုးထဲ ကနေ ကယ်ရီခပိုပေးရတာပဲ။ မနှစ်ကထက် နှစ်ဆပိုပေးရတယ်။”

လတ်တလောစပါးရေနစ်မြှုပ်ထိခိုက်နေတာကို သက်ဆိုင်ရာဦးစီးဌာနတွေက စာရင်းကောက်ယူတာမျိုး မရှိသေးတဲ့အပြင်  စပါးဈေးကို သတ်မှတ်ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း စပါးဝယ်ယူသူ မရှိတဲ့အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ဆောင် ရွက်ပေးတာမရှိပါဘူးလို့ လယ်သမားတွေက  ပြောပါတယ်။

ဒါကြောင့် ၂၀၂၃ မိုးစပါးရာသီအခက်အခဲနဲ့ ပတ်သက်ပြီး စပါးပေါ်ချိန်မှာ ရေနစ်မြုပ် ပျက်စီးခဲ့တာကြောင့် တောင်သူတွေမှာ အများကြီးနစ်နာရတယ်လို့ စပါးစိုက်တောင်သူတစ်ယောက်က ပြောပါတယ်။

“အစ်ကိုတို့ စလုပ်ခင်ကာစက စက်ပစ္စည်းတွေ ငှားလုပ်ရတာရှိတယ်။ စက်သုံးဆီဈေးတို့၊ စက်ငှားခတို့ဆိုတာ သူတို့တောင်းသလောက်ပေးရတာလေ။ ဓာတ်မြေသြဇာ ဆိုင်ကို သွားဝယ်ရင်လည်း သူတို့ဆိုတဲ့ဈေးပဲ အစ်ကိုတို့ပေးရတာ။ ဒေါ်လာဈေးတွေတက်လို့ မြေဆီဈေးတွေတက်သွားတာ၊ ပိုးသတ်ဆေးဝယ်တော့လည်း သူတို့ပေးတဲ့ဈေး၊ သူတို့ပြောတဲ့ဈေးနဲ့ လယ်သမားက ဝယ်ရတာလေ။ အစ်ကိုတို့ လယ်သမားကျတော့ အစ်ကိုတို့လိုချင်တဲ့ဈေးကို အစ်ကိုတို့ပြောလို့မရဘူး။ သူတို့ပေးတဲ့ဈေးကြီးပဲ လယ်သမားဘက်က အဘက်ဘက်က နစ်နာတာပေါ့နော်။ လယ်သမားဝယ်ရရင်လည်း ရောင်းတဲ့ဈေးနဲ့ ဝယ်ရတယ်။ လယ်သမားက ထွက်တဲ့သီးနှံလေးကို ပြန်ရောင်းတဲ့ အခါကျတော့လည်း သူတို့ပေးချင်တဲ့ဈေးနဲ့ချော့ရောင်းရတဲ့ ပုံစံမျိုးတွေဖြစ်ကုန်တာပေါ့။”

ခရမ်းမြို့နယ်က စပါးစိုက်တောင်သူအများစုက ၂၀၂၃ မိုးစပါးရာသီအစကတည်းက နောက် ဆုံးစပါးရိတ်ချိန် အထိ ၃ ကြိမ်ရေလွှမ်းခံရပြီး ၃ ကြိမ်တိုင်တိုင်စပါးပြန်စိုက်ခဲ့ရကာ သဘာဝ ဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။

မုတ္တမပင်လယ်ကွေ့နဲ့ထိစပ်နေတဲ့ ခရမ်းမြို့နယ်ဟာ မနှစ်ကလည်းရေနစ်မြှုပ်လို့ စပါးပျက်စီးခဲ့သလို မကြာခဏရေနစ်မြှုပ်လေ့ရှိပေမဲ့ လယ်ယာမြေတွေ နှစ်စဉ်ရေကြီးနစ်မြုပ်မှုမရှိအောင် တစ်စုံတစ်ရာ တုံ့ပြန်ဆောင်ရွက်ပေးတာတော့မရှိခဲ့ဘူးလို့ တောင်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် သဘာဝဘေးဒဏ်ကြားကနေထွက်ရှိလာတဲ့ စပါးတွေအပေါ်မှာလည်း ဈေးကွက်ပေါက် ဈေးအတိုင်း လွတ်လပ်စွာခံစားခွင့်မပေးဘူးလို့သိရပါတယ်။

လက်ရှိ ကမ္ဘာ့ဆန်ဈေးမြင့်တက်မှုကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာတော့ တောင်သူလယ်သမားတွေ အကျိုးအမြတ်များနေပြီး ထိုင်းနိုင်ငံမှာတော့ တနှစ်  စပါး ၃ ကြိမ်အထိ စိုက်ပျိုးနိုင်အောင် ကြိုးစား နေကြပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013