DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ပခုက္ကူနှင့် မတ္တရာမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
DVB
·
October 6, 2023
ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ပခုက္ကူနှင့် မတ္တရာမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ယာဉ်တန်း ၁၇ စီးနဲ့ ပုလဲမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ယင်းမာပင်မြို့နယ်၊ လယ်ငေါက်ရွာအနီးမှာ အောက်တိုဘာ ၅ ရက်‌မနက်က တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ဒေါင်းနက်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာက လယ်ငေါက်ရွာအနောက်ဘက် သင်္ချိုင်းကုန်းအနီးကနေ အသင့်စောင့်ပြီး ပဒေသာမိုင်းဆွဲတိုက်လိုက်တာဗျ၊ အဲတာက ပထမအကြိမ်ပါ။ အဲလိုမိုင်းဆွဲပြီး စစ်ကောင်စီဘက်က အလောင်း ၅ လောင်းထမ်းပြီး လယ်‌ငေါက်ရွာထဲ ပြန်ဝင်ပြေးတယ်။ မနက်ခင်း ၈ နာရီလောက် ရောက် တော့ ထပ်ထွက်လားတယ်။ အဲအကြိမ်မှာလည်း စစ်ကောင်စီ တွေ အထိနာသွားတယ်ဗျ။ အဲအကြိမ်ကတော့ စစ်ကောင်စီဘက်က အထိခိုက်မသိရသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ဒေါင်းနက်အဖွဲ့၊ ကိုဘသာအဖွဲ့နဲ့ ဒေသခံ LPDF တွေပူး ပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း အောက်တိုဘာ ၅ ရက် မနက်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၃၆၊ တပ်ခွဲ-၂ Blue Rose တပ်ဖွဲ့ကနေ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ဘက်ကနေ ထွက်လာတဲ့ တင့်ကား ၂ စီး အပါအဝင် စစ်ကောင်စီယာဥ်တန်း ၁၈ စီးကို အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီကျော်လောက်က ပုလဲမြို့နယ်အစပ်မှာ စလစ်မိုင်း၊ ပြောင်းတိုက်နဲ့ ၁၂ လုံး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Blue Rose တပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့ကာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Blue Rose တပ်ဖွဲ့နဲ့ ဒေါင်းမင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သံချပ်ကာတင့်ကားတွေ အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် အထိုင်ချတပ်ဆွဲရာနေရာကို ဒေသခံပြည်သူ့ကာကွယ် ရေးအဖွဲ့က အောက်တိုဘာ ၄ ရက် ည ၉ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေဆီက သိရပါတယ်။

“ကျနော်တို့ လက်နက်ကြီးနဲ့ ရော၊ လက်နက်ငယ်တွေနဲ့ပါသွားပစ်ခတ်ခဲ့တာဗျ။ တိုက်ပွဲကြာချိန်က ၁ နာရီကျော်ကြာခဲ့တယ်။ ပစ်တာကတော့ လက်နက်ကြီးတွေ အများဆုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာ‌” လို့ SRA အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြား ရေးတာဝန်ခံ ဖိုးပြုံး(ခ)ရန်နိုင် က ပြောပါတယ်။

တိုက်ခိုက်မှုကို SALINGYI REVOLUTION ARMY တပ်ခွဲ ၁.၂.၃.၄ နဲ့အတူ ပြည်သူလုံခြုံရေး.ပ.လ.ဖ.တို့ ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း စက်တင်ဘာ ၃ ရက်က စတင်ကာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဝါဇီကျေးရွာနားက စစ်ကောင်စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၄ ရက် မနက် ၈ နာရီကျော်လောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဒရုန်းနဲ့ အီနာဂါဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

ပခုက္ကူမြို့နယ် အရာတော်ရေနံမြေမှာလည်း အောက်တိုဘာ ၂ ရက်က စစ်ကောင်စီတပ်သားတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့သလို အောက်တို့ဘာ ၃ ရက်နေ့မှာလည်း တောင်ယာရွာကျေးရွာ၊ မြောက်ရွာယာ ကျေးရွာနဲ့ ရေနံချက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြိုင် UAV Fighter ဒရုန်းတပ်ဖွဲ့၊ Earthquake PDF၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ဆားလင်းကြီး SSTF ဒရုန်းတပ်ခွဲ၊ MRGF၊ ပခုက္ကူခရိုင်တပ်ရင်း ၈ နဲ့ MPL မြိုင်ပကဖ တိုက်နယ် ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၅ ရက်မနက် ၉ နာရီ ၄၅ မိနစ်လောက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူဆရာလေးက ပြောပါတယ်။

"ပထမ ဒ ရုန်းတစင်းနဲ့ ဗုံးသီးနှစ်လုံးချတယ်၊ သူတို့နေတဲ့ အဆောင်ပေါ်ကိုချတော့ အမိုးပွင့်သွားတယ်၊ နောက်တခါ ဒရုန်းနဲ့ချတဲ့အချိန်မှာ သူတို့ဘက်က ဂျန်ပါနဲ့ညှိပြီး ဒရုန်းဆုံးရှုံးလိုက်ရတယ်။ တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။ ကျနော်တို့ဘက်က လက်နက်ကြီးတွေကော၊ အလက်ငယ်တွေကော ပစ်တယ်၊ သူတို့ဘက်ကလည်း စက်သေနတ်တွေနဲ့ ၄၀ မမတွေနဲ့ ပြန်ပစ်တယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးက နွားအုပ်ထဲကျပြီး နွား ၁ ကောင်သေတယ်။" 

မြေပြင်သတင်းပေးပို့မှုအရ နှစ်ဖက်တိုက်ပွဲအတွင်း စစ်သား ၂၀ ဝန်းကျင် သေဆုံးကြောင်းနဲ့ ထိခိုက်သေဆုံးတဲ့ စစ်သားတွေကို မန္တလေးနန်းတွင်းထဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သုံးဆယ်ပေးကျေးရွာက စစ်ကောင်စီတပ်စစ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် ပျူစောထီးနဲ့ စစ်သား အင်အား ၂၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်ထားတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013