DVB Logo
Home
Lead Story
ဗီယက်နမ်ကျောင်းတွေ ဘာကြောင့် သိပ်ကောင်းနေရသလဲ  
DVB
·
October 6, 2023
ဗီယက်နမ်ကျောင်းတွေ ဘာကြောင့် သိပ်ကောင်းနေရသလဲ  
Donate to DVB

The Economist ဂျာနယ်မှာ ဆောင်းပါတပုဒ် ဖတ်ရတယ်။ စိတ်ဝင်စားစရာကောင်းလို့ မျှဝေလိုက်ပါတယ်။ ‘ဘာဖြစ်လို့ ဗီယက်နမ်ကျောင်းတွေက သိပ်ကောင်းနေရတာလဲ’ (Why are Vietnam’s schools so good?) လို့ နာမည်ပေးထားပါတယ်။

အကြောင်းကတော့ ပညာရေးရဲ့တန်ဖိုးကို နားလည်တယ်။ ဆရာတွေကို ကောင်းစွာ စီမံနိုင်တယ်လို့ ဆိုတယ်။

ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းက ပြောဖူးတယ်။ “ဆယ်နှစ်အကျိုးအတွက် ခံစားလိုရင် သစ်ပင်စိုက်၊ နှစ် ၁၀၀ အတွက် အကျိုးခံစားလိုရင် လူကိုပျိုးထောင်”လို့ ဆိုခဲ့ပါတယ်”။ ရှေးရိုးစွဲ ဆန်ပေမဲ့ မှန်နေတုန်းပါပဲ။ ဗီယက်နမ်က စီးပွားရေးတိုးတက်မှု ရနေခဲ့တာ အတော်ကြာပါပြီ။ ဒါပေမဲ့ လူတဦးချင်းဝင်ငွေ (GDP per capita) က ဒေါ်လာ ၃,၇၆၀ ပဲ ရှိပါသေးတယ်။ အိမ်နီးချင်း မလေးရှား၊ ထိုင်းတို့ထက် နိမ့်ကျနေပါသေးတယ်။ ဒါပေမဲ့ ဗီယက်နမ်လူထုတွေကို ကောင်းကောင်းကျွေးထားဖို့တော့ လောက်ငပါတယ်။ ဟိုချီမင်း ပြောခဲ့တဲ့ တရုတ်စကားပုံက ပညာရေးရဲ့ အကျိုးကျေးဇူးကို ဖော်ညွှန်းနေပါတယ်။ ဒီနေရာမှာတော့ ဗီယက်နမ်လူထုတွေက ကျေနပ်ကြမှာပါ။

ဗီယက်နမ်ကလေးတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောင်းစနစ်ကို တက်ရောက်နိုင်ကြတယ်လို့ The Economist ဂျာနယ်က ဆိုထားပါတယ်။ အထူးသဖြင့် အဖတ်၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေအပေါ် အကဲဖြတ်တဲ့အခါ ကလေးတွေရဲ့ စွမ်းဆောင်မှုက ထူးချွန်လှပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးရ အချက်အလက်တွေအရ စုပေါင်း လေ့လာသင်ယူမှုရမှတ် (aggregate learning scores) မှာ ဗီယက်နမ်ကျောင်းသားတွေက သူတို့အိမ်နီးချင်း မလေးရှား၊ ထိုင်းတွေထက်ကို မြင့်နေပါတယ်။ အဲဒါအပြင် သူ့ထက် ၆ ဆလောက် ချမ်းသာတဲ့ ဗြိတိန်၊ ကနေဒါတို့နဲ့တောင် ယှဉ်နိုင်ပါတယ်။ အဲဒါအပြင် ဒီလို ရမှတ်တွေက လူတန်းစားမခွဲခြား တွေ့ရတာပါ။ ကျား-မ၊ မတူခြားနားတဲ့ဒေသတွေအကြား တူညီစွာ တော်နေကြတာ ဖြစ်ပါတယ်။

ကလေးတွေ လေ့လာသင်ယူနိုင်စွမ်းက တချို့အကြောင်းအချက်တွေအပေါ် မူတည်ပါတယ်။ အကြောင်းအများစုက အိမ်မှာ မိဘတွေနဲ့၊ ပြီးတော့ သူတို့ကြီးပြင်းဖွံ့ဖြိုးရာ ဝန်းကျင်နဲ့ သက်ဆိုင်ပါတယ်။ အဲဒါအပြင် လျှို့ဝှက်ချက် ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းစာသင်ခန်းတွေပဲ ဖြစ်ပါတယ်။ ဗီယက်နမ်ကလေးတွေက ကျောင်းတွေမှာ ပိုမိုလေ့လာသင်ယူနိုင်ကြတယ် ဆိုပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ် ကာလမှာပါ။

၂၀၂၀ ပြည့်နှစ်မှာ စတော့ဟုမ်း စီးပွားရေးကျောင်းက အဖိချစ်ဆင်းဂ် ဆိုသူက ဗီယက်နမ်ကျောင်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်း မြင့်မားပုံကို အီသီယိုးပီးယား၊ အိန္ဒိယ၊ ပီရူးနိုင်ငံတွေနဲ့ ယှဉ်လေ့လာခဲ့ပါတယ်။ သူ့တွေ့ရှိမှုအရ အသက် ၅-၈ နှစ် ကလေးတွေ အကြားမှာ ဗီယက်နမ်ကလေးတွေက ရှေ့ပြေးနေပါတယ်။ တနှစ်ကျော်ကြီးမှ တွက်ချက်ရမယ့် လွယ်ကူတဲ့ အမြောက်ကိန်း ပုစ္ဆာတွေမှာ ဗီယက်နမ်ကလေးတွေ ဖြေရှင်းနိုင်မှုက ၂၁ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပြီး အိန္ဒိယ ၆ ရာခိုင်နှုန်း အမှတ်ပဲ ရှိပါတယ်။

တခြား ဆင်းရဲတဲ့နိုင်ငံတွေနဲ့ မတူတဲ့အချက်က ဗီယက်နမ်ကျောင်းတွေက အချိန်နဲ့အမျှ တိုးတက်နေပါတယ်။ ဝါရှင်တန်ဒီစီအခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့ (ကမ္ဘာ့ဖွံ့ဖြိုးမှုစင်တာ) Centre for Global Development  ရဲ့  ၂၀၂၂ ခုနှစ် သုတေသနအရ ၁၉၆၀ ပြည့်နှစ်များကစလို့ ဖွံ့ဖြိုးဆဲနိုင်ငံ ၈၇ ခုအနက် ၅၆ ခုရဲ့ ပညာရေး အရည်အသွေးဟာ ကျဆင်းနေပါတယ်။ ဗီယက်နမ်ကတော့ ပုံမှန်ကျောင်းတွေ တိုးတက်နေတဲ့ နိုင်ငံအနည်းစုမှာ ပါဝင်ပါတယ်။

အဓိကအကြောင်းကတော့ ဆရာတွေရဲ့ အရည်အသွေးပါ။ ဆရာတွေက တော်ထူးချွန်နေကြတာတော့ မဟုတ်ပါဘူး။ သင်ကြားပေးမှုမှာ ပိုထိရောက်စွာ ဆောင်ရွက်နိုင်ကြတာပါ။ အိန္ဒိယနဲ့ ဗီယက်နမ် ကျောင်းသားတွေအကြား နှိုင်းယှဉ်လေ့လာမှု တခုမှာ သင်္ချာစာမေးပွဲ ရလဒ်တွေအရ မတူခြားနားမှုက ဆရာတွေသင်ကြားပေးမှု အရည်အသွေးနဲ့ သက်ဆိုင်နေပါတယ်။ တဖက်ကလည်း အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီရဲ့ ဖိအားက ရှိနေပါတယ်။ ပါတီက ပညာရေးအပေါ် အတော့်ကို စူးစူးစိုက်စိုက် ရှိပါတယ်။ အောက်ခြေအဆင့်အထိကို ဖိအားက သက်ရောက်ပါတယ်။ ကျောင်းအုပ်ကြီးတွေက ပါတီအဖွဲ့ဝင်တွေပါ။

ပါတီက အလေးထားတာနဲ့အမျှ အောက်ခြေ ခရိုင်တွေရဲ့ ဘတ်ဂျက် ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးစွဲစေပါတယ်။ ဒီအချက်က ဒေသဆိုင်ရာ တန်းတူညီမျှမှုအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဒီမူဝါဒအပေါ် တစိုက်မတ်မတ် ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေ အမြဲဆန်းသစ်နေဖို့၊ သင်ကြားနည်း အဆင့်မြင့်စေဖို့ အမြဲ အလေးထားနေပါတယ်။ တဖက်မှာလည်း ဗီယက်နမ် လူမှုအဖွဲ့အစည်းက ထောက်ကူပြုပါတယ်။ ဗီယက်နမ်မိသားစုတွေက ထုံးတမ်းစဉ်လာ ကွန်ဖြူးရှပ် အယူဝါဒတွေကြောင့် ပညာရေးကို အလေးထားကြပါတယ်။ ဆင်းရဲတဲ့မိဘတောင် ကလေးတွေကို ကျူရှင်ပို့ သင်ကြားစေတယ် ဆိုပါတယ်။ မြို့ကြီးတွေမှာတော့ ဆရာတွေကို “သင်ကြားမှု အကောင်းဆုံးဆု” တွေ ပေးအပ် ချီးမြှောက်လေ့ ရှိပါတယ်။

ဒီလို အခြေအနေက ရလဒ်ကို မြင်ကြရပါတယ်။ ကျောင်းတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ ဗီယက်နမ်စီးပွားရေး မြင့်မားဖို့ ဖြစ်လာပါတယ်။ တဖက်ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ပညာရေးကို ပြန်စိန်ခေါ်နေပါတယ်။ ဟနွိုင်းအခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့တခု ဖြစ်တဲ့ မဲခေါင် ဖွံ့ဖြိုးရေးသုတေသန အင်စတိကျုက ဒါရိုက်တာ Phung Duc Tung က ဆိုပါတယ်။ စီးပွားကောင်းလာတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေက ပိုလို့ ကျွမ်းကျင်အဆင့်မြင့်တဲ့ ဝန်ထမ်းတွေကို လိုချင်ကြပါတယ်။ အထူးသဖြင့် စီမံခန့်ခွဲမှုအဖွဲ့တွေမှာ ထူးချွန်သူတွေ လိုအပ်ပါတယ်။ ဗီယက်နမ်ကျောင်းသားတွေကို ဒီလို လိုအပ်ချက်တွေအတွက် လေ့ကျင့်ထားတာ အားနည်းပါသေးတယ်။

စီးပွားရေးဖွံ့ဖြိုးမှုကြောင့် နောက်ပိုင်း ဖြစ်လာတာက ရွှေ့ပြောင်းလုပ်သားတွေ မြို့တက်လာကြတဲ့အခါ မြို့ပြကျောင်းတွေမှာ ကလေးတွေများ၊ ဝန်ထုပ်ဝန်ပိုး ကြီးလာပါတယ်။ တဖက်မှာလည်း ဆရာတွေက အလုပ်ထွက်ပြီး လစာပိုကောင်းတဲ့ ပုဂ္ဂလိကကဏ္ဍက ကုမ္ပဏီတွေဆီကို ရွှေ့ပြောင်းနေကြတဲ့ ပြဿနာလည်း ရှိပါသေးတယ်။ အကယ်၍ ဗီယက်နမ်မှာ ကျောင်းကောင်းတွေ ဆက်ရှိနေစေချင်သေးတယ် ဆိုရင်ဖြင့် ဒီပြဿနာကို ဗီယက်နမ်အစိုးရက အာရုံစိုက်ရမှာပါ။ ဟိုချီမင်းက လူတွေကို သတိပေးဖူးပါတယ်။ “ပျိုးထောင်တယ် ဆိုတာက စဉ်ဆက်မပြတ် အာရုံစိုက်နေဖို့ လိုပါတယ်”။

အောင်သူငြိမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013