DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းနှင့်နေအိမ်များ ပျက်စီး၊ ဂန့်ဂေါက နေအိမ် ၅ လုံး မီးရှို့ခံရ
DVB
·
October 6, 2023
ဖရူဆိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းနှင့်နေအိမ်များ ပျက်စီး၊ ဂန့်ဂေါက နေအိမ် ၅ လုံး မီးရှို့ခံရ
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာတစီးက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချမှုကြောင့် စာသင်ကျောင်းဆောင် ၃ ဆောင်၊ ဝန်ထမ်းအိမ်ရာ ၁ ခု၊ လူနေအိမ် ၃ လုံး၊ ကျောင်းအိမ်သာ ၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရတဲ့ ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ အလှမ်းဝေးပြီး သာမန်အရပ်သားတွေ နေထိုင်တဲ့ကျေးရွာ ဖြစ်တဲ့အတွက် စစ်ကောင်စီက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက “လေကြောင်းက ၂ ခါလာကြဲတာပေါ့နော်။ ပထမအခေါက်က စာသင်ကျောင်းထိသွားတော့ လူတွေ အမြန်ရှောင်ကြတယ်၊ ဒုတိယအခေါက်ကြဲတော့ လူနေအိမ်တွေပေါ်ကျတယ်၊ လူထိခိုက်မှုတော့ မရှိဘူး” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အနီးဝန်းကျင်နေရာတွေက စာသင်ကျောင်းတွေ ပိတ်ထားရပြီး ဗုံးကြဲခံရတဲ့နေရာအနီးက စစ်ရှောင်ပြည်သူတွေက တခြားနေရာမှာ ထပ်မံ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းရွာက နေအိမ် ၅ လုံးကို စစ်တပ်က အောက်တိုဘာ ၅ ရက် မနက်မှာ မီးရှို့ဖျက်ဆီး‌ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာလင်းရွာ ဒေသခံတယောက်က “ရွာမြောက်ပိုင်းက နေအိမ်တွေကို မီးရှို့တာ။ မီးရှို့တဲ့ အနီးတဝိုက်က တောင်ခင်ရန်းရဲစခန်းနဲ့ နီးတယ်။ အဲဒီက ရွာခံတွေကတော့ ရွာမှာမနေတာ ၃ လလောက်ရှိပြီ” လို့ ပြောပါတယ်။

အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ သာလင်းရွာမှာ ဒေသခံ ၁,၀၀၀ လောက် နေထိုင်ပြီး ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်က သာလင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးမှ မီးရှို့ခဲ့တာလို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နဲ့ ဩဂုတ် ၁၃ ရက်ကလည်း စစ်တပ်က  တောင်ခင်ရန်းရွာက နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းတွင်းမှာ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ စစ်တပ်က နေအိမ်ပေါင်း ၁၁,၀၂၆ လုံး မီးရှို့ဖျက်ဆီးထားတယ်လို့ Data for Myanmar ရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013