DVB Logo
Home
မြန်မာသတင်း
မိုးကောင်းနှင့်ဖားကန့်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် ၃ ဦး ပစ်သတ်ခံရ
DVB
·
October 6, 2023
မိုးကောင်းနှင့်ဖားကန့်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် ၃ ဦး ပစ်သတ်ခံရ
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အောက်တိုဘာ ၅ ရက် ညက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ နေအိမ်ရှေ့မှာရှိနေစဉ် အမည်မသိသေနတ်သမားအဖွဲ့က သေနတ်နဲ့ လာရောက် ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"ည ၇ နာရီလောက်က အပစ်ခံရတာ သုံးချက်။ ရင်ဘတ်ရယ်၊ လက်ရယ် ထိခိုက်ဒဏ်ရာရတယ်။ သေနတ်အပစ်ခံရတော့ သူ့သားကိုယ်တိုင်ပဲ မိုးကောင်းဆေးရုံကို ကားနဲ့ပို့တာ။ လမ်းမှာတင်ပဲ ဆုံးသွားတယ်။ ဘာကြောင့် ပစ်လဲတော့မသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကလည်း လေးမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး နေအိမ်မှာရှိနေစဉ် အမည်မသိ သေနတ်သမား အဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ဖားကန့်မြို့နယ် မမုံရွာကျေးရွာနဲ့ ဆန်းကြွယ်ကျေးရွာမှာလည်း အောက်တိုဘာ ၅ ရက်က အမျိုးသား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်မှုကျေးရွာ အုပ်စု မမုံကျေးရွာ ထွန်းဦး ဆီဆိုင်မှာ ဆီဖြည့်နေတဲ့ အမျိုးသားတဦးကို အမည်မသိ သေနတ်သမားက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"နေ့လယ် ၂ နာရီလောက်က ထွန်းဦးဆီဆိုင်မှာ ဆီဖြည့်နေတဲ့ သူကို သေနတ်နဲ့ဝင်ပစ်သွားတာ။ လေးချက်ပစ်တယ်။ ခေါင်း၊ မေးစေ့မှာ ကျည်မှန်တာ ပွဲချင်းပြီးသေတယ်။ ဘာကြောင့်ပစ်လဲတော့ မသိရဘူး” လို့ ဆီဆိုင်အနီးနေထိုင်သူတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ ကျောက် အရောင်းအဝယ် လုပ်ကိုင်သူ အသက်၃၀အရွယ် ကိုချစ်ရဲထွန်းဆိုသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာမှာလည်း မုန့်လိုက်လံပို့ဆောင်ရောင်းချသူ အမျိုးသားတဦးကို အမည်မသိသေနတ်သမားက ပစ်သတ်သွားခဲ့တယ်လို့ အခင်းဖြစ်နေရာမှာ ကူညီလုပ်ကိုင်ပေးသူတဦးက ပြောပါတယ်။

"ရယ်ဒီမိတ် မုန့်ထုတ်တွေကို မှော်ဝမ်းဘက်ကနေယူပြီး ဆန်းကြွယ်ဘက်မှာ ဖောက်သယ်ဆိုင်သွင်းပေးတဲ့ ဦးလေး အပစ်ခံရတာ။ ဆန်းကြွယ် အဝင်နားမှာပဲ ဘေးနားက ဆိုင်ကယ်က ကပ်ပစ်သွားတာ။ ခေါင်းမှာ ဒဏ်ရာရပြီး ပွဲချင်းပြီး သေတယ်" လို့  

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၄၀ကျော်အရွယ် မုန့်ရောင်းချသူ ဦးစန်းမြင့်ဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာ သုံးချက်နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ရက်နေ့ကလည်း ကုဋေမှော်ကျေးရွာမှာ  အချဉ်ပေါင်းရောင်းသူ အမျိုးသား ၁ ဦးနဲ့  စက်တင်ဘာ ၃၀ ရက်ကလည်း ကထန်ကျေးရွာအတွင်း ဆိုင်ကယ်နဲ့ ရေခဲ ရောင်းသူ အမျိုးသားတဦးတို့ကို အမည်မသိသေနတ် သမားက ပစ်သတ်သွားခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ ဓားပြတိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အတော်များများကို  ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

photo cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013