Home
ဆောင်းပါး
ကမ္ဘာ ဆရာ ၊ မြန်မာ အခရာ
DVB
·
October 5, 2023
Article_03_05102023

“မြတ်ဆရာ......သူ့လိုဆရာ....

စေတနာ မြင့်မြတ်

လေး....စားအပ်သော....

ချစ်သော... ဆရာ....."

နားထဲ ကြားယောင်လာသည့် မြတ်ဆရာသီချင်းလေးပင်။ ဘယ်တော့မှ ရိုးမသွားဘဲ ကြားတိုင်း ဆို့နင့်လာမြဲ။

ဪ....

ချစ်သော ဆရာများ

နေကောင်းကျန်းမာကြပါရဲ့လား။

အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ပင် ဖြစ်သည်။ ကမ္ဘာတွင် ဆရာများ၏‌ ကျေးဇူးကို အထူးတလည် သိရှိပြသကြရန် ကမ္ဘာ့ဆရာများနေ့ကို ကျင်းပပါသည်။ မြန်မာနိုင်ငံတွင်လည်း သီတင်းကျွတ်အခါသမယတွင် ဆရာ့ကျေးဇူးကို အထူးသိမြင်ကြဖို့ ဆရာကန်တော့ပွဲများ စတင်ကျင်းပကြချိန် ဖြစ်သည်။

အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများမှ မြတ်ဆရာပူဇော်ပွဲများ အပြင်၊ သက်ကြီး ဆရာများအား အလွှာစုံတပည့်များက ဆုံစည်း စုပေါင်း ကန်တော့ကြသည့် မြတ်ဆရာ ပူဇော်ပွဲများသည် မြန်မာနိုင်ငံအနှံ့ စတင်တွေ့ကြရမည့်အချိန်ပင် ဖြစ်သည်။

“ဆရာ/ဆရာမကျေးဇူး

အထူးသိလျှင်

ဘယ်နေရာပဲရောက်ရောက်

ဘယ်လောက်ပဲဝေးဝေး

ရှင်ဘုရင်ပဲလုပ်လုပ်

ခွက်စုတ်ပဲကိုင်ကိုင်

ဘာ‌တွေပဲဖြစ်ဖြစ်

စိတ်ညစ်ရင်ခဏထား

မျှော်နေမယ်

မြတ်ဆရာပူ‌ဇော် ပွဲ လာခဲ့နော်

သူငယ်ချင်း”

ရေးသူ မသိရသော်လည်း စိတ်ထဲ စွဲနေသော စာသားလေးတခုပင်။

စုပေါင်း အလှူခံကြ၊ စကြနောက်ကြနှင့် ပျော်စရာ အချိန်ကာလများသည် မမြင်ရတာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရွာကျောင်းတွင် ခေါင်းလောင်းသံ ပြန်ညံတဲ့တနေ့ မြန်မာတွင် ဆရာများကို တခါတော့ ပြန်ကန်တော့ခွင့် ရချင်လှသေးသည်။

ယနေ့ခေတ်သည် အခြားနိုင်ငံများကဲ့သို့ပင် တပည့်များ၏ အနာဂတ်၊ အသိပညာနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် ဆရာများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဤသို့ ကမ္ဘာ့ဆရာများနေ့ သတ်မှတ်၍ အခမ်းအနားများ ကျင်းပကြခြင်းသည် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍနှင့် ကျေးဇူးတရားကို အထူးသတိမြင် အောက်မေ့ အမှတ်ရစေပါသည်။ သို့သော်လည်း ယနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံတွင် ပညာရေးစနစ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အသိအမှတ်ပြု အထူးသတိပြုရန် အင်မတန်ပင် အရေးကြီးလှပါသည်။

ကမ္ဘာ့ဆရာများနေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကြီးမားသော ဆင်းရဲဒုက္ခများ ကြုံနေရသည့်တိုင် ပညာရေးအတွက် ခိုင်မာသောလမ်းကြောင်းချပေးခဲ့သည့် ဆရာများကို ကျေးဇူးတင်ကြောင်း ဖော်ပြ‌နေသည့် အဖိုးတန်အချိန် အခိုက်အတန့်လေးပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆရာများသည်  နိုင်ငံ၏မျိုးသစ် ဂျန်နရေးရှင်းဇီ လူငယ်များကြားတွင် သင်ယူမှုနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို မြှင့်တင်ရန် ကြိုးပမ်းရာတွင် ရှေ့တန်းမှခိုင်မာကြာရှည်စွာ မားမားမတ်မတ် ရပ်တည်နေပါသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် မကြာသေးမီနှစ်များအတွင်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။ COVID-19 ကပ်ရောဂါ ကပ်ဆိုးနှင့် ဆိုးဝါးလှသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အဆိုပါစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။

အရည်အသွေးမီ ပညာရေးရရှိရေးသည် မြန်မာနိုင်ငံတွင် အရေးပါသောပြဿနာတခု ဖြစ်သည်။ ကျေးလက်ဒေသနှင့် ပဋိပက္ခဒဏ်ခံရသော ဒေသများရှိ ကျောင်းသားအများစုသည် သင့်လျော်သော ပညာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ၊ အရည်အချင်းပြည့်မီသော ဆရာများနှင့် လိုအပ်သော သင်ယူမှုအရင်းအမြစ်များကို လက်လှမ်းမမီနိုင်ကြပါ။

ဆရာ ရှားပါးမှုသည် မြင်သာသော အခက်အခဲတခုပင် ဖြစ်ပါသည်။ နေရပ်စွန့်ခွာကြရခြင်းကြောင့် ဆရာ၊ ဆရာမ ရှားပါးမှုသည် စိန်ခေါ်မှုတရပ်ဖြစ်သည်ဆိုလျှင် မမှားနိုင်ပါပေ။

အထူးသဖြင့် ဝေးလံခေါင်သီသော ဒေသများတွင် အရည်အချင်းပြည့်မီသော ဆရာများ ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ဤပြတ်လပ်မှုသည် ပညာရေးအရည်အသွေးနှင့် ကျောင်းသားများ၏ သင်ယူမှု အကျိုးရလဒ်များကို များစွာ ထိခိုက်စေပါသည်။

မြန်မာနိုင်ငံရှိ ကျောင်းအများအပြားတွင် လုံလောက်သော စာသင်ခန်းများ၊ စာကြည့်တိုက်များ စသည့် အဆောက်အဦများကဲ့သို့သော အခြေခံအဆောက်အဦများ ချို့တဲ့နေပါသည်။ ထို့အပြင် သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် နည်းပညာများ လိုအပ်လျက်ရှိပါသည်။ လေယာဉ်နှင့် ဗုံးကြဲခံရသော စာသင်ကျောင်းများနှင့် သေကျေခဲ့ရသော ကလေးငယ်များသည် အိပ်ရာဝင် ယုံတမ်း ပုံပြင်များမဟုတ်ခဲ့သည်မှာ သေချာလှပါသည်။

COVID-19 ကပ်ရောဂါဆိုးသည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် အသုံးပြုနိုင်မှု အခွင့်အလမ်း ကွဲပြားမှုကို ထင်စရှားစွာ မီးမောင်းထိုးပြခဲ့ပါသည်။ ကျောင်းသားအများအပြားသည် နည်းပညာနှင့် အင်တာနက်ကို လက်လှမ်းမမီနိုင်သောကြောင့် အဝေးမှ သင်ကြားရေးမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ရပါသည်။ ဤစိန်ခေါ်မှုသည် ၂၁ နိုင်ငံရေးအခင်းအကျင်းတွင် တိုးတက်သင့်သလောက် တိုးတက် အသုံးချနိုင်ခဲ့ပါသည်။ သို့သော် အင်တာနက် ဖြတ်တောက်မှုနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများသည် ဒစ်ဂျစ်တယ်ဆိုင်ရာ ပညာရေးအတွက် များစွားအဆင်မပြေမှုများ ဖြစ်ပေါ်နေဆဲပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများသည် ဆရာများနှင့် တပည့်များ၏ စိတ်နှလုံး ကြွေပြုန်းမတတ် ခံစားခဲ့ကြရသည် ဆိုလျင် လွန်အံ့မထင်ပေ။  ပညာဆုံးခန်းတိုင်‌သွားသော အသက်ဆုံးရှုံးများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းဆုံးရှုံးမှုများ၊ အိမ်ထောင်ရက်သားကျခြင်းကဲ့သို့သော လူမှုရေးကိစ္စရပ်များ၊ နိုင်ငံရပ်ခြားသို့ အလုပ်အကိုင်သွားရောက်လုပ်ကိုင်ကြရခြင်းများသည် မြန်မာ့ လူ့အရင်းအမြစ်အတွက် အစားမရနိုင်သည့် ဆုံးရှုံးမှုများပင် ဖြစ်ပါသည်။ မငြိမ်မသက် ဖြစ်နေချိန်အတွင်း ကျောင်းပိတ်ခြင်းနှင့် ပညာရေးကို ကန့်သတ်ခြင်းတို့ကြောင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေသည်။

ဤတွင် မြန်မာနိုင်ငံရှိ ဆရာများ၏ အခန်းကဏ္ဍသည်ကိုလည့် လျှော့မတွက်၍ သင့်တော်မည် မဟုတ်ပေ။ နိုင်ငံ့အရေးကြောင့် အသက်ပေးခဲ့ရသည့် ဆရာများနှင့် သူတို့၏ တပည့်များ၏ အားထုတ်လုပ်ဆောင်မှုများကိုလည်း ကျွန်တော်တို့ အမြဲအောက်မေ့ တသကာ သူတို့၏ ဆန္ဒများကို ကျန်သူများက ဝိုင်းဝန်း အကောင်အထည်ဖော်ကြရပေမည်။

ဤစိန်ခေါ်မှုများကြားမှ မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများသည် ၎င်းတို့၏ ကျောင်းသားများအား ပညာရေးပံ့ပိုးပေးနိုင်ရန် သိသာမြင်သာသော ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။ သူတို့သည် ခက်ခဲသောအခြေအနေများအောက်တွင် အလုပ်လုပ်ကြပြီး တပည့်များကြားတွင် သင်ယူမှုနှင့် ဝေဖန်ပိုင်းခြားမှုဆိုင်ရာ တွေးခေါ်မှုတို့ကို မြတ်နိုးတန်ဖိုးထားရန် ကြိုးပမ်းအားထုတ်ကြပါသည်။

ကမ္ဘာ့ဆရာများနေ့၌ မြန်မာနိုင်ငံတွင် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ၎င်းတွင် ဆရာရှားပါးမှုကို ဖြေရှင်းခြင်း၊ အခြေခံအဆောက်အဦများ မြှင့်တင်ပေးခြင်းနှင့် ၎င်းတို့၏တည်နေရာ သို့မဟုတ် နောက်ခံ၊ ကာလ၊ ဒေသ၊ ပယောဂကို မခွဲခြားဘဲ လူတိုင်း လက်လှမ်းမီနိုင်သော ပညာရေးကို သေချာခိုင်မာရေးသည် အင်မတန်အရေးကြီးပါသည်။

နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး အခက်အခဲ၊ အပြောင်းအလဲများ ဖြတ်သန်းနေရချိန်၌ မြန်မာနိုင်ငံတွင် ဆရာများ၏ အခန်းကဏ္ဍသည် အရေးပါမြဲ၊ အရေးပါနေဆဲပင် ဖြစ်ပါသည်။ တောက်ပ၍ ကောင်းမွန့်ပြည့်စုံသော အနာဂတ်ကို တည်ဆောက်ရန်နှင့် ကျောင်းသားများအားလုံး အရည်အသွေးရှိသော ပညာရေးကိုရရှိရန် အခွင့်အလမ်းရှိစေရန်အတွက် ပညာရေးဆရာ၊ ဆရာမများအား ပံ့ပိုးကူညီခြင်းနှင့် စွမ်းဆောင်ပေးခြင်းသည် မရှိမဖြစ် အရေးတကြီးပင် လိုအပ်နေပါသည်။

ချုပ်၍ဆိုရလျှင် ကမ္ဘာ့ဆရာများနေ့သည် အခမ်းအနားကျင်းပရုံသာမက မြန်မာ့ပညာရေးစနစ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုပါ အားငယ်တသစွာ အမှတ်ရစေပါသည်။ မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် ဂျန်နရေးရှင်းဇီ လူငယ်အားလုံးအတွက် မိမိကိုယ်မိမိ ယုံကြည်အားကိုးစွာ လျှောက်လှမ်းနိုင်မည့် အခွင့်အလမ်းကောင်းများပေးစွမ်းနိုင်သော ပိုမိုလွတ်လပ်ကာ တရားမျှတ၍ အားလုံး လက်လှမ်းမီနိုင်သော ပညာရေးစနစ်ဆီသို့ ဦးတည် လုပ်ဆောင်သွားရန်နှင့် ၎င်းတို့ ကြုံတွေ့နေရသည့် အတားအဆီးများကြားမှ ၎င်းတို့၏ တပည့်များအား တွန်းအားပေး လမ်းညွှန်ပေးသည့် ဆရာများသည် မြန်မာတွင် အင်မတန် အခရာကျလှပါသည်။ ထိုသို့သော ကျေးဇူးရှင် ဆရာများ၏ မပျင်းမရိ၊ မကြောက်မရွံ့၊ အသက်ကို ပဓာနမထားသော ကြိုးစားအားထုတ်မှုများသည် အလွန်ပင် ကျေးဇူးတင်ဖွယ် ကောင်းလှပါတော့သည်။ ။

သန့်ကေသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024