DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ခွဲအတွင်း ကလေး ၅၀၀ ခန့် သေဆုံး၊ စာသင်ကျောင်း ၁၀၀ ကျော် ဖျက်ဆီးခံရ
DVB
·
October 5, 2023
အာဏာသိမ်း ၂ နှစ်ခွဲအတွင်း ကလေး ၅၀၀ ခန့် သေဆုံး၊ စာသင်ကျောင်း ၁၀၀ ကျော် ဖျက်ဆီးခံရ
Donate to DVB

အာဏာသိမ်း ၂ နှစ်ကျော်ကာလမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၄၉၁ ယောက်သေဆုံးခဲ့ပြီး စာသင်ကျောင်းပေါင်း ၁၁၉ ကျောင်း ဖျက်စီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်၊

စစ်တပ်က လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ရွာတွေကို စစ်ကြောင်းဝင်ပြီး သတ်ဖြတ်တာနဲ့ လက်နက်ကြွင်း ကျန်တွေကို ထိတွေ့မိလို့ ပေါက်ကွဲတာတွေကြောင့် ကလေးတွေ သေဆုံးရတာဖြစ်ပြီးး ကလေးတွေအပေါ်မှာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို စစ်တပ်က ကျူးလွန်နေတာဖြစ်တယ်လို့ NUG က ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ  ကလေးတွေရှိတဲ့ ဘုန်းတော်ကြီး စာသင်ကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့  အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကလေးတွေရှိတဲ့ ကျောင်းတွေကို သတ်မှတ်ပြီးပစ်ခတ်တာဟာ ကလေးတွေအပေါ်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုဖြစ်သလို လေယာဉ်ဗုံးကြဲ၊ လက်နက်တွေနဲ့ ဝင်လာပြီးတော့ မြင်တဲ့နေရာမှာ မြင်သမျှလူကို သတ်ဖြတ်တာကလည်း ကျန်တဲ့လူကြီးတွေနဲ့အတူ ကလေးတွေ ကြုံတွေနေရတဲ့ အန္တရာယ်ဖြစ်ပါတယ်၊ ကလေးတွေဆိုတာ အမြဲတမ်း ကာကွယ်နေရမယ့် သူတွေဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကလေးတွေကို အဓိထားကာကွယ်ရမယ်ဆိုတဲ့အချက်က ကမ္ဘာကပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကလေးတွေကို အကြမ်းဖက်ခြင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခြင်းမရှိရဘူး ဆိုတာလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ကလေးတွေကို အနာတရ ခန္ဓာကိုယ်အစိတ်အပိုင်းထိအောင် လုပ်ဆောင်ခြင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း ဖမ်းဆီးခြင်းနဲ့ ပြန်ပေးဆွဲခြင်း၊ ကလေးများကျောင်းကို တိုက်ခိုက်ခြင်းနဲ့ ကလေးများရှိတဲ့နေရာကို လူသားချင်း စာနာမှုဆိုင်ရာတွေ ပိတ်ဆို့ခြင်းဆိုတာ ဘယ်လိုမှ မလုပ်ဆောင်ရဘူးလို့ သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်တပ်က ဖျက်အားပြင်းလက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု ၂၃၅၁ ကြိမ်ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ အဲဒီအထဲ အရပ်သားပြည်သူတွေ နေထိုင်ရာဒေသ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦး တွေကို ဦးတည်တိုက်ခိုက်တာမျိုးတွေပါဝင်နေတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုက အရေးပေါ်အခြေအနေမှာ ရောက်ရှိနေတယ်လို့ NUG  ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။

“အကြမ်းဖက်ပြီးတော့ ကျောင်းတွေရော ဆေးရုံတွေကိုရောတိုက်ခိုက်နေတဲ့အတွက် ကလေးတွေမှာ mental trauma စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှု ရသွားတာပေါ့နော်။ မြန်မာနိုင်ငံဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အရမ်းကို နိုင်ငံတကာအနေနဲ့ ကျန်းမာရေးဘက်ကနေ သတ်မှတ်မယ်ဆိုရင် အမျိုးသားအဆင့် စိတ်ပိုင်းဆိုင်ရာ အရေးပေါ် အခြေအနေ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။ National Mental Health Emergency ဖြစ်နေတယ်။ အဲဒါကို ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြည်တွင်းပြည်ပ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်နေတယ်။ အမြော်အမြင်မဲ့ အတွေးအခေါ်မဲ့ တိုင်းပြည်ကို အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ ကလေးတွေရော လူကြီးတွေအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုက နောင် ၁၅ နှစ် နှစ် ၂၀ ကုတောင် ပျောက်မှာ မဟုတ်တော့ဘူး။”

NUG က ထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ စစ်ကောင်စီဘက်ကို မေးမြန်းနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်က စစ်ကိုင်တိုင်း ဝန်းသိုမြို့နယ် တောင်ဘို့လှကျေးရွာမှာ စစ်တပ်ရဲ့ လက်နက်ကြီး အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်ကလည်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာမရွာ ခန္တီဝံသာရာမကျောင်းတိုက်မှာ စာသင်ကြားနေတဲ့ ကလေးတွေကို စစ်တပ်က မီတာ ၃၀အတွင်း သေဆုံးနိုင်ခြေများတဲ့  လက်နက်ကြီး 105MM ဟောင်ဝစ်ဇာ M101 နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂၁ ယောက်နဲ့ ဆရာမတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013