DVB Logo
Home
မြန်မာသတင်း
မော်ချီးတွင် ကြက်ဥတလုံး ကျပ် ၁,၅၀၀ ၊ ဆန်ကြမ်းတအိတ် ကျပ် ၄ သိန်းအထိ မြင့်တက်နေ
DVB
·
October 5, 2023
မော်ချီးတွင် ကြက်ဥတလုံး ကျပ် ၁,၅၀၀ ၊ ဆန်ကြမ်းတအိတ် ကျပ် ၄ သိန်းအထိ မြင့်တက်နေ
1 / 3
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ကြက်ဥတလုံး ၁,၅၀၀ ကျပ်၊ ဆန်ကြမ်းတအိတ် ၄ သိန်းကျပ်အထိ အမြင့်ဆုံးဈေးနှုန်းနဲ့ ဒေသခံတွေ ပေးဝယ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်၊၊

အဲဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် အခြေခံစား‌‌သောက်ကုန်ဈေးနှုန်း မြင့်တက်နေရတာဖြစ်ပြီး ကျေးရွာအလိုက် ဈေးနှုန်းကွာခြားမှုလည်း ရှိ‌နေပါတယ်။

လက်ရှိမှာ ဆန်တအိတ်ကို အမျိုးအစားအလိုက် ကျပ်  ၄ သိန်းကနေ ၆ သိန်းအထိ ရှိနေပြီး စားအုန်းဆီတပိဿာကို ကျပ် ၁ သိန်း၊ ကြက်သွန်နီတပိဿာ ကျပ်  ၂ သောင်း၊ ကော်ဖီမစ်တထုပ် ကျပ် ၁,၅၀၀ အထိ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “အရင်ကတည်းက ခဲထွက်တဲ့ဒေသဆိုတော့ တခြားဒေသထက် စျေးက ပိုများတာပါဆို၊ ခုက လမ်းတွေလည်းပိတ်ထားတော့ တခြားနယ်ထက် ဆယ်ဆမက ဈေးပိုတက်တယ်။ ဆန်ပြုတ်တွေပဲ သောက်နေရတယ်။ ဒါတောင် နပ်မမှန်ဘူး။ ပြီးရင် တောထဲရှိတဲ့ အမြစ်တွေ တခြား အသီးအရွက်တွေနဲ့ပဲ စားရတယ်” လို့ ပြောပါတယ်။

မော်ချီးဒေသမှာ ခဲလုပ်ငန်းကိုသာ အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်စားသောက်နေရပြီး လက်ရှိ မိုးရာသီကာလမှာ အလုပ်လည်း ရပ်နားထားရတယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်နားရတဲ့ အခြေခံအလုပ်သမားတွေအတွက် အခုလို အခြေခံစားသောက်ကုန်တွေ ဈေးမကျတော့ဘဲ တရက်ပြီးတရက် မြင့်တက်နေတာဟာ တရက်လုပ် တရက်စား အခြေခံလူတန်းစားတွေအတွက် အခက်အခဲ ပိုဖြစ်စေတယ်လို့ စုံစမ်းသိရပါတယ်။

မော်ချီးဒေသမှ လူငယ်တဦးကလည်း “ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့လူ လာကြည့်ပါဦး။ လူတွေရဲ့ အတ္တတွေကြောင့် သူလုပ်တာမှန်တယ်၊ ငါလုပ်တာမှန်တယ်ဆိုပြီး လက်နက်ကိုင် စစ်ပွဲကြောင့် ကြားက ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်ကုန်ပြီ” လို့ ပြောပါတယ်။

အခုလို အခြေခံစားသောက်ကုန်တွေ ဈေးတက်တာဟာ စားနပ်ရိက္ခာပို့ လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာနဲ့  စစ်ဆေးရေး တင်းကျပ်ပြီး ဖြတ်လေးဖြတ် စစ်ဆင်ရေး လုပ်နေတာကြောင့် ဖြစ်တယ်လို့လည်း ကရင်နီ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013