DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ရုရှားအတိုက်အခံ နာဗယ်ညီတို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတွက် ရေပန်းစား
DVB
·
October 5, 2023
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ရုရှားအတိုက်အခံ နာဗယ်ညီတို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အတွက် ရေပန်းစား
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ရုရှားအတိုက်အခံ အလက်ဇီနာဗယ်ညီတို့ဟာ ၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ရေပန်းအစားဆုံးဖြစ်ပေမဲ့ အမျိုးသမီးတွေ၊ ဌာနေတိုင်းရင်းသားလူမျိုးတွေ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်အတွက် လှုံ့ဆော်သူတွေလည်း ဆုရနိုင်တယ်လို့ ကျွမ်းကျင်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီဟာ အောက်တိုဘာ ၆ ရက်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ရဲ့ အမည်ကို ထုတ်ဖော် ကြေညာမှာပါ။

အခုနှစ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ဆုရွေးချယ်ရေးကော်မတီဟာ ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူတွေရဲ့ ပံ့ပိုးကူညီမှုဆိုင်ရာ အလင်းရောင်ကို ထွန်းတောက်စေဖို့ ဆုံးဖြတ်နိုင်တယ်လို့ နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုက ငြိမ်းချမ်းရေး သုတေသန အင်စတီကျုရဲ့ ဒါရိုက်တာ ဟန်နရစ်ခ် ဥဒေါက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ ဝီဂါတိုင်းရင်းသား စီးပွားရေးပညာရှင် အီဟမ်တိုတီ ဒါမှမဟုတ် တရုတ်နိုင်ငံထဲက တခြား တက်ကြွလှုပ်ရှားသူ တဦးကို ဆုချီးမြှင့်တာဟာလည်း တရုတ်ပြည်မကြီးအစိုးရရဲ့ ပိုတိုးလာတဲ့ အာဏာရှင် အုပ်ချုပ်မှုအပေါ် အာရုံစိုက်မှု ဖြစ်မှာပါ။

အမျိုးသမီးအခွင့်အရေးနဲ့ သေဒဏ်ကို ဆန့်ကျင်ရေး လှုံ့ဆော်သူ အီရန်အမျိုးသမီး နာဂျက်စ် မိုဟာမက်ဒီကိုလည်း ဆုရနိုင်သူအဖြစ် ခန့်မှန်းထားပါတယ်။

လက်ရှိ အာဏာရ တာလီဘန်တို့ရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် မိန်းကလေးတွေရဲ့ ပညာရေးနဲ့ တခြား အမျိုးသမီး အခွင့်အရေးတွေအတွက် ကဘူးမြို့မှာနေရင်း ဆက်လက် လှုံ့ဆော်နေခဲ့လို့ လက်ရှိမှာ အကျဉ်းကျနေတဲ့ အာဖဂန်နစ္စတန်က မာဘူဘာ ဆာရတ်ချ်၊ အရင်ဆုရှင်တွေ၊ လွှတ်တော်အမတ်တွေ၊ သမိုင်းနဲ့ ဥပဒေပါမောက္ခတွေ အပါအဝင် နာမည်တွေကို လူထောင်ပေါင်းများစွာလည်း ဆုအတွက် အဆိုတင်သွင်းနိုင်ပါတယ်။

နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီဟာ ရာသီဥတု ပြောင်းလဲမှုကိုလည်း ထင်ရှားစေချင်နေပြီး ၂၀၀၇ ခုနှစ်တုန်းက အမေရိကန် ဒုသမ္မတ အယ်လ်ဂိုးကို နိုဘယ်လ်ဆု ချီးမြှင့်ခဲ့ဖူးပါတယ်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနရဲ့ ဒါရိုက်တာ ဒန်စမစ်သ်က “ခုချိန်ဟာ ငြိမ်းချမ်းရေး အားနည်းပြိုကွဲနေတဲ့အချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဂေဟဗေဒဆိုင်ရာ အကျပ်အတည်းကြီးရဲ့ ဖိအားက ကျနော်တို့အပေါ် သက်ရောက်နေတယ်” လို့ ပြောပါတယ်။

တခြားအလားအလာရှိတဲ့ ဆုရှင်တွေထဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကိုလည်း ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု နောက်ဆုံးဆန်ခါတင်စာရင်းမှာ နော်ဝေအခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (PRIO) က ထည့်သွင်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013