DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ပြည်ပကုန်သွယ်မှု ဒေါ်လာသန်း ၈၀၀ ကျော် လျော့ကျ
DVB
·
October 4, 2023
ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ပြည်ပကုန်သွယ်မှု ဒေါ်လာသန်း ၈၀၀ ကျော် လျော့ကျ
Donate to DVB

လက်ရှိဘဏ္ဍာနှစ် ပထမ ၆ လမှာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက အရင်နှစ်ကထက် ကန်ဒေါ်လာ သန်း ၈၀၀ ကျော် လျော့ကျခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ရရှိတဲ့ ကုန်သွယ်မှုဆိုင်ရာ စာရင်းတွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏက ဒေါ်လာ ၁၅,၄၃၇ ဒသမ ၀၁၃ သန်းရှိပြီး အရင်နှစ် ကာလတူထက် ဒေါ်လာ ၈၇၃ သန်းကျော် လျော့ကျခဲ့တယ်လို့ သိခဲ့ရပါတယ်။ စက်တင်ဘာ ၂၂ ရက်အထိ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၅ ဘီလျံကျော်မှာ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုပမာဏက ဒေါ်လာ ၁၁ ဘီလီယံနီးပါး ရှိပေမဲ့ အရင်နှစ်ကထက် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံနီးပါး လျော့ကျနေတာ တွေ့ရပါတယ်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လျော့ကျနေပေမဲ့ နယ်စပ်ကုန်သွယ်မှု ပမာဏက ကန်ဒေါ်လာ ၄ ဒသမ ၅၈၀ ဘီလျံကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပိုမိုတိုးတက်ခဲ့ပါတယ်။

အဲဒီကာလအတွင်း ပြည်ပကို ပို့ကုန်တင်ပို့တဲ့ ပမာဏက ပြီးခဲ့တဲ့နှစ်ထက် ၁ ဘီလျံနီးပါး လျော့ကျခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာတော့ ဒေါ်လာ ၅၆ သန်းကျော် မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ကုန်သွယ်မှုလိုငွေကတော့ ကန်ဒေါ်လာ ၈၃၅ ဒသမ ၈၂၅ သန်းအထိ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ပြည်ပကို ပို့ကုန်တင်ပို့မှုမှာ လယ်ယာထွက်ပစ္စည်း အပါအဝင် ကဏ္ဍအားလုံးမှာ ပြီးခဲ့တဲ့နှစ်ထက် တင်ပို့မှု လျော့ကျနေပါတယ်။ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုက စုစုပေါင်းပို့ကုန်တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ထိ ရှိပေမဲ့ အရင်နှစ်ကာလတူနဲ့ ယှဉ်ရင် ၁ ဒသမ ၁၂၅ ဘီလျံကျော် လျော့ကျနေတာ တွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ စစ်ကောင်စီက မလိုအပ်ဘဲ ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ‌ငွေကြေးမူဝါဒတွေက ပြည်ပကုန်သွယ်မှုအပေါ် အဟန့်အတား ဖြစ်ခဲ့တယ်လို့ ထောက်ပြကြပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “အဓိကက မူဝါဒ အခက်အခဲပေါ့။ export ကို မလိုအပ်တဲ့ မူဝါဒတွေနဲ့ ထိန်းချုပ်ထားတော့ နိုင်ငံတကာဈေးကွက်မှာကျ ယှဉ်ပြိုင်ရောင်းချဖို့ ခက်သွားတယ်။ နောက်ပြီး ကုန်သွယ်ရေးပိုင်းမှာ တခြားအခက်အခဲတွေကလည်း အဘက်ဘက်က ရှိနေတယ်” လို့ မှတ်ချက်ပြုပါတယ်။

ကုန်သွယ်ရေးပိုင်းမှာ နယ်မြေမတည်ငြိမ်မှုနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေကလည်း ပြည်ပပို့ကုန် ထုတ်လုပ်တင်ပို့နိုင်မှုအပေါ် သက်ရောက်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

သွင်းကုန်တင်သွင်းမှုပိုင်းမှာတော့ လူသုံးကုန်နဲ့ CMP ပစ္စည်းတင်သွင်းမှုမှာ လျော့ကျနေပေမဲ့ ကျန်ကဏ္ဍတွေမှာတော့ တင်သွင်းမှု များလာပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုဟာ စစ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လမှာ ၁၉ ဒသမ ၆၀၃ ဘီလျံထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၆ လမှာတော့ ၁၆ ဘီလီယံကျော် ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013