DVB Logo
Home
မြန်မာသတင်း
အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု တရုတ်နှင့် မြန်မာတွင် အဆိုးဆုံးဖြစ်
DVB
·
October 4, 2023
အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု တရုတ်နှင့် မြန်မာတွင် အဆိုးဆုံးဖြစ်
Donate to DVB

အင်တာနက်လွတ်လပ်ခွင့် တကမ္ဘာလုံးအတိုင်းအတာနဲ့  လျော့ကျဆုံးရှုံးလာနေတာ အခု  ၂၀၂၃ ခုနှစ်မှာ ၁၃ နှစ်ဆက်တိုက်ရှိလာပြီး အင်တာနက်လွတ်လပ်မှု ဖိနှိပ်ထိန်းချုပ်ခံရတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်ဟာ အဆိုးဆုံးအဖြစ် ၉ နှစ်ဆက်တိုက် နေရာယူခဲ့သလို မြန်မာကလည်း ဒုတိယနေရာက ဆက်ရှိနေတယ်လို့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်ပါတယ်။

အခုနှစ်အတွင်း အင်တာနက်ဖိနှိပ်ချုပ်ခြယ်မှု ရုတ်တရက် ပြင်းထန်ဆိုးရွားလာတဲ့ နိုင်ငံတွေထဲမှာတော့ အီရန်ဟာ ပထမဖြစ်ပြီး ဖိလစ်ပိုင်က ဒုတိယဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ဘယ်လာရုစ်၊ ကော့စတာရီကာနဲ့ နီကာရာဂွါတို့က နောက်ကနေ တန်းစီလိုက်လာခဲ့ကြပါတယ်။

Freedom House ရဲ့ Freedom on the net ပရောဂျက်ကနေ စစ်တမ်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၇၀ မှာ ၂၉ နိုင်ငံဟာ အွန်လိုင်းပေါ်မှာ လူ့အခွင့်အရေးချိုးဖောက် ဖိနှပ်ခံရတဲ့ အခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲက နိုင်ငံ ၂၀ မှာပဲ အွန်လိုင်းလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ တိုးတက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မြန်မာစစ်တပ်ဟာ အင်တာနက်သုံးရတာ လွတ်လပ်မှုမရှိအောင် လုပ်ဆောင်ခဲ့သလို၊ သတင်းမှားတွေ ဖြန့်တာတွေ အင်တာနက် ချိတ်ဆက်ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူဦးရေ သိသိသာသာ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကြား သတင်းအချက်အလက် ပေးပို့ ဖြန့်ဖြူးနိုင်ခြင်းမရှိစေရေးအတွက် ဒေသအလိုက် ကာလတို အင်တာနက်ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မြန်မာပြည်မှာ သာမန်အရပ်သားတွေ သန်းနဲ့ချီပြီး အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။

နိုင်ငံခြားကုမ္ပဏီပိုင် ဆက်သွယ်ရေးကုမ္ပဏီ ၂ ခု ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအားလုံးဟာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက် သော်လည်းကောင်း စစ်အာဏာရှင်တွေ လက်အောက်သို့ ရောက်ရှိသွားကာ သတင်းအချက်အလက် ကြားဖြတ်ခိုးယူစောင့်ကြည့်မှုတွေကို အဆီးအတားမရှိ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အင်တာနက်အသုံးပြုနေသူတွေဟာလည်း စစ်တပ်က ခွင့်ပြုထားတဲ့ ဝက်ဆိုက်ပေါင်း ၁၅၀၀ လောက်ကိုသာ သွားရောက်ကြည့်ရှုအသုံးပြုနိုင်ပြီး တားမြစ်ပိတ်ဆို့ထားတဲ့ ဝက်ဆိုက်တွေနဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ရနိုင်ဖို့ မြန်မာပြည်သူတွေဟာ  အထောက်အကူပြု တခြားဝန်ဆောင်မှုတွေကို ကြားခံအသုံးပြုနေရတာ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာ ရေးသားဖြန့်ဝေမှုတွေကြောင့် ထောင်ပေါင်းများစွာသော အရပ်သားတွေ ဖမ်းဆီးခံခဲ့ရပြီး ထောင်နှစ်ရှည်ချခံရတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ Freedom House အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဉာဏ်ရည်တု (AI) နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ပြီး လွတ်လပ်ခွင့် ထိန်းချုပ်ခံရတာတွေလည်း ပိုမိုဆိုးရွားလာနေတယ်လို့ Freedom House က ပြောလိုက်ပါတယ်။

AI နည်းပညာရဲ့ စိတ်လှုပ်ရှားစရာ တိုးတက်ဖွံ့ဖြိုးမှုတွေကို သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနတွေ၊ ပညာရေးနဲ့ နေ့စဉ်လူမှုဘဝတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့်အ သုံးချလာကြတဲ့ တချိန်တည်းမှာပဲ AI နည်းပညာရဲ့ လျင်မြန်မှု၊ အချက်အလက်ပမာဏ အမြောက်အမြား တွက်ချက်နိုင်မှုနဲ့ လွယ်ကူမှုတွေကို ဒစ်ဂျစ်တယ်ဖိနှိပ်မှု၊ အွန်လိုင်းဖိနှိပ် ချုပ်ခြယ်မှုတွေမှာလည်း အသုံးချလာခဲ့ကြပါတယ်။

အွန်လိုင်းဆင်ဆာဖြတ်တောက်ရေးတွေမှာ ပိုပြီးတိကျကောင်းမွန်အောင် အာဏာရှင်တွေက AI ရဲ့ အလိုအလျောက်လုပ်နိုင်စွမ်းတွေကို အသုံးချလာခဲ့ကြသလို ဝါဒဖြန့်လော်ဘီတွေဟာလည်း ကွန်ပျူတာနဲ့ ဖန်တီးပြုပြင်ထုတ်လုပ်လိုက်တဲ့ ဓာတ်ပုံ၊ အသံ၊ စာတွေကို အသုံးချပြီး မသိသူတွေကို အရင်ကထက် အလွယ်တကူ လှည့်စားနိုင်လာကြပါတယ်။

ရှုပ်ထွေးပြီး ပိုမိုကောင်းမွန်လာတဲ့ နည်းပညာသုံးစောင့်ကြည့်ရေး စနစ်တွေဟာ အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး အတိုက်အခံ လက္ခဏာတွေကို အရင်ထက်လွယ်ကူစွာ ရှာဖွေ စောင့်ကြည့်နိုင်လာကြပါတယ်။

ကုဋေနဲ့ချီတဲ့ အချက်အလက်တွေကို မျက်နှာပြင်ဖတ် အထောက်အထား စစ်ဆေးစက်တွေနဲ့ ချိတ်ဆက်ပြီး ဒီမိုကရေစီအတွက် ဆန္ဒပြခဲ့ကြသူတွေကို အလွယ်တကူ ရှာဖွေမှတ်သား ဖမ်းဆီးနိုင်လာကြပါတယ်။

အကြီးအကျယ် ခြိမ်းခြောက်ခံနေရတဲ့ အင်တာနက်လွတ်လပ်ခွင့်အပေါ်မှာ ဒီလို တိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေက နောက်ထပ်ဖိအားတွေ ပုံစံသစ်နဲ့ ဖြစ်ပေါ်လာစေခဲ့တယ်လို့  Freedom House အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Photo - Freedom House

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013